တောင်ကြီးတွင် ဆီဝယ်ယူရ ပိုမိုခက်ခဲလာပြီး ၊ ပြင်ပတွင် တစ်ဘူး တစ်သောင်းကျပ် ရောင်းနေ

တောင်ကြီးတွင် ဆီဝယ်ယူရ ပိုမိုခက်ခဲလာပြီး ၊ ပြင်ပတွင် တစ်ဘူး တစ်သောင်းကျပ် ရောင်းနေ
Published 26 March 2026

တောင်ကြီး တွင် ဆီဝယ်ယူရ ပိုမိုခက်ခဲလာပြီး ၊ ပြင်ပတွင် တစ်ဘူး တစ်သောင်းကျပ် ရောင်းနေကြောင်း သတင်းကြား သိရသည်။

တောင်ကြီးမြို့ နှင့် အေးသာယာမြို့၊ စက်မှုဇုန်တို့တွင် ဓါတ်ဆီတစ်လီတာ တစ်သောင်းကျပ် ရောင်းနေပြီး ၊ အချိတ်အဆက်ဖြင့် ဝယ်ယူရကြောင်း ကြားသိရသည်။

တောင်ကြီးမြို့တွင် BOC ဆိုင် ၊ Denko ဆိုင် နှင့် Max ဆိုင်တို့တွင် ဆိုင်ကယ်များ ပြည့်နှက်စွာ တန်းစီ စောင့်ဆိုင်းနေသည်ကို တွေ့ရပြီး ၊ ရပ်ကွက်အတွင်း ဖွင့်ထားသော ဆီဆိုင်များမှာ ဆီကုန်လျှင် ပိတ်ထားပြီး ဆီ ရောက်သည့် အခါ ပြန်ဖွင့် ရောင်းချသည်ကို တွေ့ရသည်။ တချို့ ရပ်ကွက် ထဲရှိ ဆီဆိုင်များတွင် QR Code ဖြင့် သာ ရောင်းချပေးမည်ဟု စာတန်း ကပ်ထားသည်ကို တွေ့ရကာ ၊ လိုင်စင်မရှိသော ဆိုင်ကယ်များကို ရောင်းချပေးခြင်း မရှိကြောင်း သိရသည်။

“တချို့တော့ အချိန်အကြာကြီး မစောင့်နိုင်တာနဲ့ အပြင်မှာပဲ တစ်ဘူး တစ်သောင်း ဝယ်ကြရတယ်။ တန်းစီ တဲ့ သူတော်တော်များများ ကလည်း ဆီထုတ်ပြီး ပြန်ရောင်းစားတဲ့သူတွေ ပါတယ်လို့ သိရတယ်။ တကယ်လိုအပ်တဲ့ သူတွေက အခက်အခဲ ဖြစ်ရတယ်” ဟု ဆီတန်းစီ နေသူ ဆိုင်ကယ်သမား တစ်ဦးက ပြောသည်။

ထို့ပြင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် စံပြ တစ်ဆိုင်သာ ကောင်းကောင်းမွန်မွန် ရောင်းချပေးကာ အခြား ဆီပန့်များမှာ အရောင်းပိတ်ထားခြင်း ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။

ထို့ပြင် ရွှေညောင်မြို့ တွင် ရွှေတံခါး ဆိုင် ၊ Denko နှင့် BOC တို့တွင် ရောင်းချပေးလျက်ရှိကာ အခြား ပန့်များ ဆီကုန်လျှင် ရောင်းချပေးခြင်း မရှိကြောင်း သိရသည်။

လောင်စာဆီ ရှားပါးခြင်းကြောင့် နေ့စား လုပ်သားများ၊ ကုန်စိမ်း ဈေးသည်များ၊ အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများ၊ ဆိုင်ကယ် တက္ကစီ များနှင့် အခြေခံ လူတန်းစားများ အားလုံး ခက်ခဲလျက် ရှိကြောင်း သိရသည်။

ထို့ပြင် လောင်စာဆီ ရှားပါးခြင်းကြောင့် စားသောက်ကုန် ဈေးနှုန်းတက်ခြင်း ၊ တောင်သူများ အတွက် ခက်ခဲနေကြောင်း သိရသည်။

Most Read

Most Recent