အမျိုးသားလွှတ် လွှတ်တော်အခွင့်အရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦး Jeng Phang နော်တောင်နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်တင်မြင့် တို့ကို ခန့်အပ်ရန် လျာထားကြောင်း သိရသည်။
ယနေ့(မတ် ၂၄ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့သည်။
“ အခု ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ(၂၄)အရ ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)နဲ့ (၇၈)တို့အရ လွှတ်တော်အခွင့်အရေးကော်မတီကို (၁၅)ဦးထက်မပိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီမှာ ပါဝင်သင့်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူ ဦးဆောင်မယ့် ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းများကို လွှတ်တော်မှာ တင်ပြအတည်ပြုချက် ရယူဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့် ရပိုင်ခွင့် သက်တမ်း ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်းပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) ဦးအောင်တင်မြင့် က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
“၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီးတော့ လွှတ်တော်အခွင့်အရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီဝင်များရဲ့ သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့် က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် လွှတ်တော်အခွင့်အရေးကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က လွှတ်တော်သို့ တင်ပြခဲ့သည်။
“ လွှတ်တော်အခွင့်အရေးကော်မတီကို (၁၅)ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦး Jeng Phang နော်တောင် အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) ဦးအောင်တင်မြင့် အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
လွှတ်တော်အခွင့်အရေးကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆)ဒေါက်တာကျော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးတင့်ဇော်၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဦးခင်ဇော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်နီနီမာ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးကျော်တင်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၈) ဦးသိန်းဇော်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဦးအောင်မင်းနိုင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးခင်မောင်ဌေး၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဒေါ်မြမြသက်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးစိုင်းဝင်းခိုင်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ကျော်သူရအေးနှင့် ဗိုလ်မှူးကြီး စိုးရွှေ တို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က လွှတ်တော်သို့ တင်ပြခဲ့သည်။
လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်များတွင် လွှတ်တော်အခွင့်အရေးကော်မတီထံ လွှဲအပ်လာသော ကိစ္စအသီးသီးကို ကော်မတီသို့ လွှဲအပ်သောကိစ္စများနှင့်စပ်လျဉ်းသောအချက်များကို အခြေပြု၍ လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရဋ ရောက်၊ မရောက် စဉ်းစားဆုံးဖြတ်ခြင်း၊ မည်သို့သောကိစ္စ၊ မည်သို့သောအချက်များမှ စတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သို့မည်ပုံ ဖောက်ဖျက်ကြောင်းကို ဆုံးဖြတ်ခြင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်က မည်ကဲ့သို့ အရေးယူသင့်ကြောင်းကို လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြပါရှိသော အကြံပေးချက်များကို ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ရန် လွှတ်တော်က မည်သည့်နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုဖော်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီသည် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်အတည်ပြုရမည်လည်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ခွင့် တောင်းခံလျှင် ယင်းနှုတ်ထွက်ခွင့်တောင်းခံလွှာကို စိစစ်၍ မှတ်ချက်နှင့်တကွ ဥက္ကဋ္ဌထံ တင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။















