လက်ရှိဖြစ်ပေါ်နေသည့် လေယာဉ်ဆီ မလုံလောက်မှု အခက်အခဲေကြောင့် MAI လေကြောင်းလိုင်းပျံသန်းနေသည့် ပြည်ပခရီးစဉ်များကို ဖျက်သိမ်းလိုက်မည်ဆိုပါက ခရီးသည် ထောင်ပေါင်းများစွာ နစ်နာမည်ဖြစ်သည့်အတွက် ခရီးဆောင်အိတ်ကီလိုများကို မဖြစ်မနေ လျှော့ချရခြင်းဖြစ်ကြောင်း MAI လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“MAI အနေနဲ့ အခုဖြစ်ပေါ်နေတဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် လေကြောင်းခရီးစဉ်တွေကို ဆက်လက်ပျံသန်းဖို့အတွက် ခရီးဆောင်အိတ်ကီလိုတွေကို လျှော့ချရတာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်မတို့အနေနဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းဖို့ပဲရှိပါတော့တယ်။ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရင် ခရီးသည်တွေ အနေနဲ့ ပိုမိုနစ်နာနိုင်တာကြောင့် အစ်မတို့က လေယာဉ်ဆီရရှိမှုပေါ် မူတည်ပြီး ဒီလိုခရီးဆောင် အိတ်သယ်ယူခွင့်ကို ကန့်သတ်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရီးသည်တွေအနေနဲ့ ဒီအချိန်မှာတော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အစ်မတို့ လေယာဉ်ဆီရရှိမှုပေါ် မူတည်ပြီး ခရီးသည်တွေရဲ့ အိတ်တွေကို offload လုပ်ခဲ့ရတာမျိုးတွေလည်း ရှိလာနိုင်တယ်။ ဒီအတွက် ကျွန်မတို့ လေကြောင်းအနေနဲ့ 72 နာရီအတွင်း အိမ်အရောက်ပြန်လည် ပို့ဆောင်ပေးနေပါတယ်” ဟု MAI လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
MAI လေကြောင်းလိုင်းအနေဖြင့် လေယာဉ်အစီးရေ ၁၅ စီးဖြင့် ပြည်ပနိုင်ငံပေါင်း ၁၁ နိုင်ငံသို့ လေကြောင်းခရီးစဉ် ၂၂ ခုအား ပျံသန်းနေပြီး နေ့စဉ်ခရီးသည်ဦးရေ နှစ်ထောင်ကျော်ကို ဝန်ဆောင်မှူပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် Jet A1 လေယာဉ်ဆီ မလုံလောက်မှုပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်းဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ကြောင်း MAI က သတင်းထုတ်ပြန်ခဲ့သည်။
သယ်ဆောင်နိုင်သည့် ခရီးဆောင်အလေးချိန်များမှာ Economy Class အတွက် 20KGရှိ အိတ်တစ်အိတ်၊Business Class အတွက် 30KG တစ်အိတ်၊ Hand-carry ဆိုလျှင် 7KG ရှိ အိတ်နှစ်သာ အများဆုံးခွင့်ပြုပြီး Excess Baggage ဆိုလျှင် အများဆုံး ၅ ကီလိုဂရမ်သာ ခွင်ံ့ပြုကြောင်း MAI က ထုတ်ပြန်သည်။
အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း၊ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်ကြောင့် ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း MAI က ထုတ်ပြန်သည်။
ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်းဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိတော့ကြောင်း၊ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်းဖြစ်သည်ဟု MAI က မှတ်ချက်ပေးသည်။
လက်ရှိတွင် လေယာဉ်ဆီအခက်အခဲကြောင့် လေကြောင်းလိုင်းများမှာ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ရပ်နားခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။















