အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ်က မိမိတို့အနေနဲ့ အမေရိကန်နိုင်ငံကိုသာ သပိတ်မှောက်မှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာမဟုတ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ကြောင်း အီရန်သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။
အီရန်လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားပေမဲ့ လက်ရှိအချိန်မှာ အီရန်နိုင်ငံက အမေရိကန်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲက နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။
အီရန်နိုင်ငံရဲဲ့ အားကစားဝန်ကြီးဖြစ်သူကလည်း လက်ရှိအခြေအနေအရ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်မရှိကြောင်း ပြောကြားထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲက ကြိုဆိုနေပေမဲ့ နည်းပြနဲ့ ကစားသမားတွေရဲ့ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိတာကြောင့် မယှဉ်ပြိုင်သင့်ဘူးလို့ သုံးသပ်ထားပါတယ်။
ဒါပေမဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ်ကတော့ ''ကျွန်တော်တို့ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ အမေရိကန်ကို သပိတ်မှောက်သွားမှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာမဟုတ်ဘူး။ ထရန့်က အီရန်အသင်းရဲ့ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ ပြောထားပါတယ်။ ကျွန်တော်တို့ကလည်း အမေရိကန်ကို လုံးဝမသွားပါဘူး။ ကျွန်တော်တို့ရဲ့ပွဲတွေကို မက္ကဆီကိုမှာ ကစားဖို့ ဖီဖာနဲ့ ဆွေးနွေးနေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒီလိုအပြောင်းအလဲလုပ်ဖို့က အစဉ်အလာမရှိကြောင်း ပြောကြားထားပေမဲ့ မက္ကဆီကိုသမ္မတကတော့ ဖီဖာက လက်ခံရင် သူတို့ ကူညီပေးဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။















