ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းပြီးတဲ့နောက် ငိုကြွေးတဲ့ပုံစံ အောင်ပွဲခံခဲ့တာဟာ ပြီးခဲ့တဲ့ရာသီက သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့ မန်စီးတီးပရိသတ်တွေကို တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်က မန်စီးတီးကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗင်နီစီယပ်စ်က နှစ်ဂိုးစလုံး သွင်းယူခဲ့တာပါ။
ဗင်နီစီယပ်စ်ဟာ ပထမအကျော့တုန်းက ပယ်နယ်တီမဝင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ ပထမဂိုးကို ပယ်နယ်တီကနေ သွင်းယူခဲ့ပြီးနောက် ထောင့်ကန်ဘောအလံတိုင်နားမှာ ငိုကြွေးတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ခြင်းဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခုနောက်ပိုင်း ဆက်တိုက်နီးပါး ဆုံတွေ့နေတဲ့ ပြိုင်ဘက်တွေဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက Play-offs အဆင့်မှာ ဆုံတွေ့ခဲ့ချိန် မန်စီးတီးကစားသမား ရိုဒရီ Ballon d'Or ဆုရရှိခဲ့ခြင်းအတွက် ဗင်နီစီယပ်စ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ မခံမရပ်နိုင်ဖြစ်နေတာကို ရည်ညွှန်းပြီး မန်စီးတီးပရိသတ်တွေက ''အရမ်းငိုနေတာ ရပ်ပါတော့'' ဆိုတဲ့ စာသားနဲ့ Banner လုပ်ပြီး လှောင်ပြောင်ခဲ့ကြပါတယ်။
ဒါကြောင့် မန်စီးတီးကွင်းမှာ ဂိုးသွင်းယူပြီးနောက် ဗင်နီစီယပ်စ်က မန်စီးတီးပရိသတ်တွေကို ပြန်လည်လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်ဟာ အောင်ပွဲခံတဲ့ပုံစံကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ အမုန်းပွားမှုနဲ့ မကြာခဏ ရင်ဆိုင်နေရသူဖြစ်ပါတယ်။















