၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့၌ သင်္ကြန်မဏ္ဍပ် တည်ဆောက်နေကြောင်း သိရသည်။
“စဆောက်တာကတော့ မနေ့ကစဆောက်တာပါ။ ခုမှအစပဲရှိပါသေးတယ်။ မြို့တော်ခန်းမရှေ့မှာ ဒီအချိန်မှာ ဆောက်နေတာဆိုတော့ သင်္ကြန်အတွက် မဏ္ဍပ်ဆောက်နေတာပေါ့” ဟု အနီးနားနေထိုင်သူတစ်ဦးက ပြောကြားသည်။
၂၀၂၅ ခုနှစ်က ငလျင်ကြောင့် သင်္ကြန်ပွဲတော် ရပ်နားခဲ့ပြီး ယုခုနှစ်တွင် ပြန်လည်ကျင်းပမှုအတွက် ကြိုဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“မနှစ်ကတော့ သိတဲ့အတိုင်းပဲ ငလျင်ကြောင့် သင်္ကြန်မကျင်းပနိုင်ခဲ့ဘူး။ ဆောက်ပြီးသား မဏ္ဍပ်တွေလည်း ပြန်ဖျက်ခဲ့ရတယ်။ ဒီနှစ်တော့ ပြန်ကျင်းပတဲ့အတွက် ဝမ်းသာပါတယ်။ မကျင်းပတာကြာရင် သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ရိုးရာဆိုတာ မေ့ကုန်မှာဆိုးတယ်။ ဒီနှစ်ပြန်ကျင်းပတဲ့အတွက် ကြိုဆိုပါတယ်။ လူငယ်တွေအနေနဲ့ ရိုးရာပျော်ရွှင်မှုဟာ ပျော်ရွှင်သင့်တဲ့အရာပါ။ ဒါပေမယ့် သတိနဲ့တော့ ပျော်ရွှင်စေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ပြီး လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
အဆိုပါဝမ်းနည်းဖွယ်ဖြစ်စဉ်ကြောင့် ၂၀၂၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မကျင်းပဘဲ ရပ်နားခဲ့ကာ ဆောက်ပြီးလုနီးပါးရှိခဲ့သည့် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့ကာ ရပ်ကွပ်အချို့တွင်သာ ရပ်ကွပ်သင်္ကြန်အနေဖြင့် ကလေးငယ်များ ပျော်ရွှင်ခဲ့ရသည်။
ယခုနှစ် ၂၀၂၆ ခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပြန်လည်ကျင်းပရန်အတွက် ရန်ကုန်မြို့၌ စတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။















