ရွှေပေါက်ကံမြို့သစ်တွင် ရန်ဖြစ်နေသည်ကို ဝင်ရှင်းပေးသည့် ရဲတပ်ဖွဲ့ဝင်အချို့ ကားနှင့်တိုက်၊ တုတ်ဖြင့်အရိုက်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မတ် ၉ ရက် ည ၁၂ နာရီကျော်ခန့်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက် ပုဂံလမ်းမကြီး ၁၂ လမ်းထိပ်တွင် ရန်ဖြစ်နေသည် သတင်းအရ အဆိုပါမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အချို့က သွားရောက်ဖြေရှင်းခဲ့ကြောင်း၊ ယင်းသို့ဖြေရှင်းစဉ် ရဲတပ်ဖွဲ့များကို ကားနှင့်တိုက် တုတ်ဖြင့်ရိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
" ဒီမနက်ကမှ သိရတာ။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ မသိရဘူး။ ညက အရိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်ဆိုတာတော့ သိရတယ်" ဟု ရွှေပေါက်ကံမြို့သစ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
မည်သည့်အတွက်ကြောင့် ရိုက်နှက်ခံရသည်ကို မသိရှိသေးဘဲ ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် News of Myanmar တွင် ဖော်ပြချက်အရ မြတ်ကိုကိုဆိုသူမှာ ရန်ဖြစ်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် ဖျန်ဖြေပေးခဲ့ကြောင်း၊ ယင်းသို့ ဖျန်ဖြေပေးစဉ် မြတ်ကိုကို၏ ဖခင်နှင့် ညီဖြစ်သူတို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ရန်ပွဲနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများကို ဆေးစာယူကာ အမှုဖွင့်ရန် ပြုလုပ်နေစဉ် မြတ်ကိုကိုဆိုသူက ကားဖြင့်ဝင် တိုက်ခဲ့ပြီး ဖခင်နှင့် ညီဖြစ်သူတို့က တုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။















