■ ဆိုက်ပရပ်စ်ကို တိုက်ခိုက်ခြင်းက ဥရောပကို တိုက်ခိုက်ခြင်းဟု ပြင်သစ်သမ္မတ သတိပေး

■ ဆိုက်ပရပ်စ်ကို တိုက်ခိုက်ခြင်းက ဥရောပကို တိုက်ခိုက်ခြင်းဟု ပြင်သစ်သမ္မတ သတိပေး
Published 10 March 2026

■ ပင်လယ်နီနှင့် ဟော်မုဇ်ရေလက်ကြားတွင်လည်း ပြင်သစ်ရေတပ်အင်အား တိုးမြှင့်

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြင်သစ်နှင့် ၎င်း၏ မဟာမိတ်များက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ရန် ခုခံကာကွယ်ရေးမစ်ရှင်တစ်ခုကို စီစဉ်နေသည်ဟု မတ် ၉ ရက်တွင် ပြောကြားလိုက်ပြီး ဆိုက်ပရပ်စ်ကို တိုက်ခိုက်ခြင်းက ဥရောပကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု သတိပေးခဲ့သည်။

မက်ခရွန်သည် ဒေသတွင်းလုံခြုံရေးကို ဆွေးနွေးရန်နှင့် ဥရောပမြေပေါ်တွင် ပထမဆုံးအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်နိုင်ငံဖြစ်သော ဆိုက်ပရပ်စ်ကျွန်းနှင့် တစ်သားတည်းရှိမှုကို ပြသရန် ဆိုက်ပရပ်စ်သို့ ရောက်နေချိန် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆိုက်ပရပ်စ်တောင်ဘက်ကမ်းရိုးတန်းရှိ ဗြိတိန်လေတပ်စခန်းကို အီရန်လုပ် ရှာဟစ်ဒရုန်းတစ်စင်းထိမှန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။ ထိုဖြစ်ရပ်အပြီး ပြင်သစ်က ဆိုက်ပရပ်စ်သို့ စစ်သင်္ဘောတစ်စင်းစေလွှတ်ခဲ့သည်။

မက်ခရွန်က "ဆိုက်ပရပ်စ် တိုက်ခိုက်ခံရရင် ဥရောပလည်း တိုက်ခိုက်ခံရတာပါပဲ။ ကျွန်တော်တို့ဟာ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ်နဲ့ တစ်ဦးနဲ့တစ်ဦး ဆက်နွယ်နေကြတာပါ"ဟု ပြောသည်။

ဟော်မုဇ်ရေလက်ကြားကို တဖြည်းဖြည်းပြန်လည်ဖွင့်နိုင်ရန် ကွန်တိန်နာသင်္ဘောများနှင့် ဆီတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးမည့် မစ်ရှင်ကို ပြင်သစ်နှင့်မဟာမိတ်များက ပြင်ဆင်နေပြီး ဟော်မုဇ်ရေလက်ကြားက နိုင်ငံတကာ ကုန်သွယ်ရေးအတွက်သာမက အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပြန်လည်စီးဆင်းနိုင်ရန်အတွက်ပါ အလွန်အရေးကြီးကြောင်း ပြင်သစ်သမ္မတက ပြောသည်။

ထို့ပြင် ၎င်းက အရှေ့အလယ်ပိုင်းတွင် ပြင်သစ်စစ်အင်အားကို သိသိသာသာ တိုးမြှင့်မည်ဟုပါ ကြေညာခဲ့ကာ ဥရောပသမဂ္ဂ၏ ပင်လယ်ရေကြောင်းကာကွယ်ရေးမစ်ရှင် တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီသို့ နောက်ထပ် စစ်သင်္ဘောနှစ်စင်းလွှတ်မည်ဟု အတည်ပြုခဲ့သည်။

အတိအကျဆိုရလျှင် ပြင်သစ်စစ်အင်အားတိုးချဲ့မှုတွင် စစ်သင်္ဘောရှစ်စင်း၊ ကုန်းရေနှစ်သွယ်သုံး ရဟတ်ယာဉ်တင် သင်္ဘောနှစ်စင်းနှင့် လက်ရှိတွင် အရှေ့မြေထဲပင်လယ်ရှိ ခရိကျွန်းအနီး ဆိုက်ကပ်ထားသည့် Charles de Gaulle လေယာဉ်တင်သင်္ဘောတို့ ပါဝင်သည်။

အီရန်ဘက်ကမူ အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ဖြစ်နေသရွေ့ ဟော်မုဇ်ရေလက်ကြားက ဘေးကင်းလိမ့်မည်မဟုတ်ဟု ထပ်သတိပေးနေသည်။

Ref: AFP

Most Read

Most Recent