မန္တလေးမြို့တွင် အလုပ်သွားအလုပ်ပြန် ညနေအချိန်ထိ စက်သုံးဆီထုတ်ယူရန် တန်းစီနေမှု ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသော ပဋိပက္ခကြောင့် စက်သုံးဆီပြတ်လပ်မည့်ဂယက်ရိုက်ခတ်မှုသည် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြဝတီစသည့်မြို့များတွင် စက်သုံးဆီတန်းစီဝယ်ယူမှု မတ်လ ၃ ရက်နေ့ နံနက်မှစ၍ ပိုမိုများပြားလာနေကြောင်း သိရသည်။
သို့ဖြစ်ရာ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၃ ရက်က ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ထို့သို့ထုတ်ပြန်ပြီးနောက် စက်သုံးဆီတန်းစီဝယ်ယူမှုလျော့ကျသွားခြင်းမရှိဘဲ တစ်နေကုန်လမ်းများပိတ်သည်အထိ များပြားလာနေကြောင်းလည်း သိရသည်။
" မနေ့ကထက် ပိုများလာတယ်။ဒီနေ့မနက်ဆို ဆီဆိုင်တွေမဖွင့်ခင်ထဲက တန်းစီးစောင့်နေကြတာ။ တစ်ချို့ကြလည်း အလုပ်တစ်ခုလို ပြန်ထုတ်ရောင်းစားဖို့ပါ။ အများစုကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ မနက်အလုပ်သွား၊ ညနေအလုပ်ပြန်နေ့တွက်ရမှ ဆိုင်ကယ်ဆီဖိုး၊ ထမင်းဖိုးသုံးရတဲ့သူတွေရှိတယ်။ ဆိုင်ကယ်ထဲဆီအပြည့်ကြို ထည့်မထားနိုင်ဘူး။ မနက်အလုပ်သွားရင်းထည့်ကြသလို ညနေအလုပ်ကအပြန်မှ ထည့်ရတဲ့သူတွေရှိတယ်။ တကယ်လိုအပ်တဲ့သူတွေက ခုလို အချိန်တွေနာရီပေါင်းများစွာကြာအောင် တန်းစီရတော့ အလုပ်ကပင်ပန်း၊ ဆီတန်းစီဖို့အတွက် အချိန်ပေးရတော့ အရမ်းဝန်ထုတ်ဝန်ပိုးဖြစ်ကြရတယ်"ဟု မန္တလေးမြို့ဆီဆိုင်တစ်ခုတွင် ပုံမှန် ဆီထည့်နေကြသူ ပြည်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် မန္တလေး၌ ပြည်သူများအနေဖြင့် စိုးရိမ်မှုဖြင့် စက်သုံးဆီများကို တန်းစီဝယ်ယူနေသည့် အခြေအနေဖြစ်ပြီး စက်သုံးဆီဆိုင်များတွင် ဆီရောင်းချပေးနေမှုမှာ ပုံမှန်အတိုင်းဖြစ်ကာ ဆီဘောက်ဆာယာဉ်ငယ်အချို့ဖြင့် အိမ်အရောက်ဆီဖြည့်ပေးဝန်ဆောင်မှုပေးသည့် ဆီဆိုင်အချို့သည်ပင် အိမ်တိုင်ရာရောက် ဆီရောင်းချဖြည့်ပေးမှုကို ယခင်ကတည်းအတိုင်းပင် ရောင်းချပေးနေသည်ကို မန္တလေးမြို့ရှိ နေရာအချို့တွင် တွေ့ရသည်။















