■ လက်ရှိကောက်ခံလျက်ရှိသော ဓာတ်အားနှုန်းထားခများ အလွှာအလိုက် ထုတ်ပြန်

■ လက်ရှိကောက်ခံလျက်ရှိသော ဓာတ်အားနှုန်းထားခများ အလွှာအလိုက် ထုတ်ပြန်
Published 28 February 2026

■  စက်မှုဇုန်ပြင်ပရှိ စက်မှု/စီးပွားရေးလုပ်ငန်းများ စက်မှုန်ဇုန်များကဲ့သို့ တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ဓာတ်အား ၂၄ နာရီ ရယူလိုပါက တင်ပြလျှောက်ထားနိုင်

ကောက်ခံလျက်ရှိသော ဓာတ်အားနှုန်းထားခများ အလွှာအလိုက် ထုတ်ပြန်ပြီး စက်မှုဇုန်ပြင်ပရှိ စက်မှု/စီးပွားရေးလုပ်ငန်းများ စက်မှုန်ဇုန်များကဲ့သို့ တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ဓာတ်အား ၂၄ နာရီ ရယူလိုပါက တင်ပြလျှောက်ထားနိုင်ကြောင်း လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းဥပဒေ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့်နှုန်းထားဖြင့် ကောက်ခံနေသော လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှု (Line Fault and System Breakdown) မှအပ ဓာတ်အားဖြတ်တောက်မှု (Load Shed) မပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားပေးမည်ဖြစ်ပြီး၊ အဆိုပါဓာတ်အားအတွက် ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ကောက်ခံသွားမည် ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု ပါရှိသည်။

စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိသော စက်မှု/စီးပွားရေးလုပ်ငန်းများက အထက်ပါအတိုင်း ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ လျှပ်စစ်ဓာတ်အား ကို ၂၄ နာရီ ရယူလိုကြောင်း ဌာနသို့တင်ပြလာပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 သို့ရာတွင် လက်ရှိဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှုနှင့် ဓာတ်အားလိုင်းများမှ ဓာတ်အားသယ်ဆောင်နိုင်နင်းမှုအပေါ်မူတည်၍ ပုံမှန်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသော အများ ပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများကို လက်ရှိကောက်ခံလျက်ရှိသော ဓာတ်အားခနှုန်း (အိမ်သုံး အမျိုးအစားနှင့် အိမ်သုံးမဟုတ်သည့်အမျိုးအစားနှစ်ရပ်၏ အလွှာအလိုက် သတ်မှတ်နှုန်း) ဖြင့် ပြင်ဆင် ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်အားသုံးစွဲသူအမျိုးအစားအလိုက် ကောက်ခံမည့်ဓာတ်အားခနှုန်းထား သတ်မှတ်ချက်များအနေဖြင့် အိမ်သုံးအမျိုးအစား (နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း (အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံ) ၁ ယူနစ် မှ ၅၀ ယူနစ်အထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ကျပ် ၁၀၀၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ကျပ် ၁၅၀၊ ၂၀၁ ယူနစ်နှင့် အထက် ကျပ် ၃၀၀ ဖြစ်ပြီး လက်ရှိကောက်ခံနေသော နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိကြောင်း သိရသည်။

အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင် (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ၊ မြစ်ရေတင် လုပ်ငန်း၊ စည်ပင်သာယာရုံး ဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြား သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ) ၁ မှ ၅၀၀၀ ယူနစ်အထိ ကျပ် ၂၅၀၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ကျပ် ၄၀၀၊  ၂၀၀၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၀ ဖြစ့်ပြီး လက်ရှိကောက်ခံနေသော နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိကြောင်း၊ ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားဖြန့်ဖြူး မှုနိုင်နင်းခြင်းမရှိလျှင် ဓာတ်အားဖြတ်တောက် မှု( Load Shed) ရှိနိုင်ကြောင်း၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိသော စက်မှု/ စီးပွားရေးလုပ်ငန်းများ က ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ ရယူလိုကြောင်း ဌာနသို့ တင်ပြလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သီးခြားတိုက်ရိုက်လိုင်းဖြင့် ဓာတ်အား ရယူထားပြီး ဓာတ်အားဖြတ်တောက်မှုမရှိဘဲ ၂၄ နာရီ ဓာတ်အားရရှိသော စက်မှုဇုန်၊ အထူးစီးပွားရေးဇုန် နှင့် စက်မှု/စီးပွားရေးလုပ်ငန်းများ အမျိုးအစားအတွင် ၁ ယူနစ်အထက် ၉၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent