ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကျင်းပပြီး ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်

ပြင်ဦးလွင်မြို့ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကျင်းပပြီး ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်
Published 27 February 2026

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကို ယနေ့(​ဖေ​ဖော်ဝါရီ ၂၇ ရက်)နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုမင်္ဂလာအဆင့်မြင့် ဈေးတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့​ကြောင်း သိရသည်။

သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦအသစ်အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ယာယီသမ္မတ ဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် ပညာရေးဒီဂရီကောလိပ် (မန္တလေး)တို့မှ ကျောင်းသူလေးများက “လှပဝေဆာသုမင်္ဂလာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့​ကြောင်း သိရသည်။

ယင်းနောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့​ကြောင်း သိရသည်။

ယာယီသမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သုမင်္ဂလာအဆင့်မြင့်ဈေးအတွင်း ဆိုင်ခန်းများဖွင့်လှစ် ရောင်းချလျက်ရှိမှု အခြေအနေများ၊ ကလေးကစားကွင်းအတွင်း ကလေးငယ်များ ဆော့ကစားလျက်ရှိမှု အခြေအနေများနှင့် ရုပ်ရှင်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့​ကြောင်း  သိရသည်။

​ထို့ပြင် ​စျေးဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဈေးဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦသစ်၏ သမိုင်းကြောင်းနှင့် အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်းသည့် Video Clip ကို ကြည့်ရှုပြီး နိုင်ငံတော်ယာယီသမ္မတထံ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လှပဝေဆာ သုမင်္ဂလာ” ဂုဏ်ပြုတေးသီချင်းအား ကြည့်ရှုကြကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့၊ သုမင်္ဂလာ အဆင့်မြင့်ဈေး တည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေးအား ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှုများပြားလာမှု၊ အပန်းဖြေခရီးသွားလာမှုများပြားလာမှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ၊ နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိသည့် RC အဆင့်မြင့် ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ဒေသထွက်ကုန် အခြေခံကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ရောင်းဝယ်ဖောက်ကားရရှိလာစေရန်၊ တောင်ပေါ်မြေပြန့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးသစ်ကြီးသည် RC အမျိုးအစား (၆)ထပ် အဆောက်အဦဖြစ်ပြီး ဈေးဝယ်သူများ အဆင်ပြေစွာသွားလာနိုင်စေရန်အတွက် စက်လှေကား ၁၂ စင်း၊ ဓာတ်လှေကား ၆ စင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှုစနစ်များကို စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သုမင်္ဂလာအဆင့်မြင့်ဈေးကြီးအတွင်း Branded ဆိုင်များ၊ Promotion Area ၊ Cart Shop Area Bank Area များ Super Market တစ်ခု မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားကွင်း ၁ ခုနှင့် ရုပ်ရှင်ရုံများကို ထည့်သွင်း တည်ဆောက်ထားသည့်အပြင် ယဉ်ရပ်နားရန်နေရာများကိုလည်း စနစ်တကျဖြင့် ထည့်သွင်း တည်ဆောက်ထားရှိကြောင်း သိရသည်။

Most Read

Most Recent