Red Bull ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အိုလီဗာမင့်ဇလက်ဖ်က ယာဂန်ကလော့ပ်နဲ့ လမ်းခွဲမယ်ဆိုတဲ့သတင်းက အဓိပ္ပာယ်မရှိ၊ အခြေအမြစ်မရှိတဲ့ သတင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ ၂၀၂၄ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး ၂၀၂၅ ဇန်နဝါရီမှာ Red Bull ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
သြစတြီးယားအခြေစိုက် Red Bull ကုမ္ပဏီဟာ လိုက်ပ်ဇစ်၊ ဆာလ်ဇ်ဘာ့ဂ်၊ နယူးယောက်ရက်ဘူးလ် စတဲ့ ကလပ်အသင်းတွေကို ပိုင်ဆိုင်ထားပြီး ထပ်မံတိုးချဲ့ဖို့လည်း လုပ်ဆောင်နေပါတယ်။
ယာဂန်ကလော့ပ်ဟာ အဆိုပါကလပ်အသင်းတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ ဦးဆောင်နေရခြင်းဖြစ်ပြီး အခုအခါ တစ်နှစ်တာကာလအတွင်း ထူးခြားတဲ့ တိုးတက်မှု ရှိမလာတာကြောင့် Red Bull ကုမ္ပဏီက ယာဂန်ကလော့ပ်နဲ့ လမ်းခွဲဖို့ လိုလားနေကြောင်း သတင်းထွက်လာတာပါ။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ နွေရာသီမှာ လမ်းခွဲမယ့် သြစတြီးယားနည်းပြ ဂလက်စ်နာကို ယာဂန်ကလော့ပ်နေရာ အစားထိုးခန့်အပ်ဖို့ ဆွေးနွေးနေပြီလို့လည်း သြစတြီးယားသတင်းစာ Salzburger Nachrichten က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အိုလီဗာမင့်ဇလက်ဖ်က ''ဒါက လုံးဝအဓိပ္ပာယ်မရှိသလို၊ အခြေအမြစ်လည်း မရှိပါဘူး။ တကယ့်အမှန်တရားက ယာဂန်ကလော့ပ်နဲ့ အလုပ်လုပ်ရတာကို ကျွန်တော်တို့ ကျေနပ်မှုရှိနေပါတယ်။ ကလော့ပ်က နည်းပြတွေ၊ အားကစားဒါရိုက်တာတွေနဲ့ အဆက်အသွယ် အမြဲရှိနေပါတယ်။ သူက ဒီအလုပ်နဲ့ သင့်တော်တဲ့သူလို့လည်း ယူဆပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















