အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီက ငယ်စဉ်ကလေးဘဝမှာ အင်္ဂလိပ်စာ မသင်ယူခဲ့ခြင်းအတွက် နောင်တရမိကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီက မက္ကဆီကို Podcast အစီအစဉ်ဖြစ်တဲ့ ''Miro de Atras" မှာ အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံစဉ် ပြောစကားတွေကို နားမလည်တာကြောင့် မိမိကိုယ်ကိုယ် လူပြိန်းတစ်ဦးလိုု ခံစားရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
''ကျွန်တော် နောင်တရတာတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ငယ်ငယ်က အင်္ဂလိပ်စာမသင်ယူခဲ့တာပါ။ အင်္ဂလိပ်စာ လေ့လာဖို့ အချိန်တွေအများကြီးရှိပေမဲ့ ကျွန်တော်မလုပ်ခဲ့ဘူး။ အဲဒါကို တကယ်ပဲနောင်တရမိပါတယ်။ အံ့သြဖို့ကောင်းတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး စကားပြောဖို့ အခွင့်အရေးရတဲ့အခြေအနေမှာ ကိုယ်က ဘာမှ နားမလည်တော့ လူပြိန်းတစ်ယောက်လို ခံစားရတယ်။ အဲဒီအချိန်တိုင်းမှာ 'ငါက ငတုံးပဲ။ အချိန်တွေကို အလဟဿဖြုန်းခဲ့မိတယ်' လို့ အမြဲတွေးမိတယ်။ ငယ်ငယ်တုန်းကတော့ အဲဒါကို သတိမထားမိခဲ့ဘူး။ အခုတော့ ကျွန်တော့်ကလေးတွေကို ပညာရေးကောင်းကောင်းရဖို့၊ စာသင်ဖို့နဲ့ အဆင်သင့်ဖြစ်နေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြနေရတယ်'' လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘောလုံးဟာ မိမိကို အကြောင်းအရာများစွာ သင်ကြားပေးခဲ့ကြောင်း၊ တန်ဖိုးရှိတဲ့အရာများ ပေးစွမ်းနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။















