မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ "ရွှေစာရံဘုရားပွဲတော်" တွင် ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ဖြင့် ခမ်းနားစွာ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ "ရွှေစာရံဘုရားပွဲတော်" တွင် ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ဖြင့် ခမ်းနားစွာ ကျင်းပမည်
Published 27 February 2026

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအငွေ့အသက်များ လွှမ်းခြုံထားသည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ စောမွန်လှ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်သည် မြန်မာပြည်၏ အစည်ကားဆုံးနှင့် နာမည်အကြီးဆုံး ဘုရားပွဲတော်တွေထဲမှ တစ်ခုဖြစ်ပြီး၊ ယခုနှစ်တွင်လည်း ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား (၇၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့်ပတ်သက်ပြီး "ဘုရားပွဲတော်က တပေါင်းလဆန်း ၁၄ ရက် (၂၀၂၆ ခုနှစ် ၃ လပိုင်း ၁ ရက်) နေ့မှာစပြီးတော့ ဖွင့်ပွဲလုပ်မှာပါ။ တပေါင်းလပြည့်ကျော် ၉ ရက်နေ့မှာ သံဃာတော်အပါးရေ ၂၁၀ ကို ဆွမ်းဆန်စိမ်းလောင်းပြီး ပိတ်သိမ်းသွားမှာပါ။ ဇာတ်ပွဲတွေ ပါပါတယ်။ တပေါင်းလဆန်း ၁၃ ရက် ၁၄ ရက် ၁၅ ရက်မှာ ရွှေစည်အောင် မန္တလေးဇာတ် ကြည့်ချင်ပွဲပါ။ တပေါင်းလပြည့်ကျော် ၆ ရက် ၇ ရက် ၈ ရက်မှာ စွမ်းဇာနည် နဲ့ ချစ်စွမ်းသာ တို့ ကမယ်။ အဲဒါကတော့ ရုံပွဲပါ။ ပွဲ စစည်တာက ပြီးခဲ့တဲ့ တပို့တွဲလကုန်တဲ့နေ့ကနေ စပြီး စည်တာပါ"ဟု ရွှေစာရံ​စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်းဇော် က ပြောသည်။

"စျေးဆိုင်ခန်းတွေက ဗမာတွေရောင်းဆိုင်ခန်းရယ် ရှမ်းတွေရောင်းတဲ့ ဆိုင်ခန်းရယ် နှစ်မျိုးရှိတာပါ။ ဗမာဆိုင်ခန်းက ၇၀၀ ကျော်ရှိတယ်။ ရှမ်းဆိုင်ခန်းကလည်း ၂၀၀ ကျော်ရှိတယ်။ အားလုံး စုစုပေါင်း ၉၀၀ ကျော်​ရှိပါတယ်"ဟု ဦးသိန်းဇော် ထံမှ သိရသည်။

"ဒီနှစ်မှာ အများပြည်သူ ဘုရားဖူးလာသူတွေ စိတ်ချမ်းသာအောင် ကား ယာဉ်တန်း ပိတ်စို့မှုမရှိအောင် တစ်လမ်းသွားပုံစံမျိုးနဲ့ အဝင်တစ်လမ်း အထွက်တစ်လမ်းပေါ့။ အထွက်လမ်းကိုလည်း ဒီနှစ်မှာ ဖုံမထအောင် ကျောက်တွေခင်းပြီးတော့ ဆောင်ရွက်ထားပါတယ်။ သွားလို့ လာလို့ အဆင်ပြေသွားပါပြီ"ဟု ရွှေစာရံ​စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်းဇော် က ဆက်လက် ပြောသည်။

​ရွှေစာရံပွဲ၏ အမှတ်အသားဖြစ်သော စျေးတန်းတွင် ထန်းရွက်ဖြင့်ပြုလုပ်ထားသော ငါးရုပ်များ၊ ထန်းရွက်ပုတီးများ၊ အဝတ်အထည်များ၊ ဗမာမုန့်မျိုးစုံနှင့် ရှမ်းပြည်နယ်မှ ထွက်သည့် ဆေးဖက်ဝင်ပစ္စည်းများ၊ ဒေသအစား အစာများ ရောင်းချလျက်ရှိပြီး ဝါးခက်လှေအရုပ်လေးများ၊ နှီးချောဖျာများနှင့် ဒေသထွက် လက်မှုပစ္စည်းများသည်လည်း ပွဲဈေးတန်းတစ်လျှောက် ဝေဝေဆာဆာ ရှိနေမည်ဖြစ်ရာ ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ရိုးရာအငွေ့အသက်များကို တဝကြီး ခံစားနိုင်မည့်အပြင် အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်း စုံစုံလင်လင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘုရားဒါယိကာမဖြစ်သူ မိုင်းမောဝ်ဧကရီလှဒေဝီ စောမွန်လှ(ရှမ်းပြည်နယ်အခေါ်) စဝ်မွမ်းလ သည် ပုဂံနေပြည်တော်မှ ထွက်ခွာလာကာ လမ်းခရီးစဉ်တစ်လျှောက်တွင် သာသနာရေးဆိုင်ရာ ဆောင်ရွက်ခဲ့ပြီး၊ ယခုရွှေစာရံဘုရားတည်ရာအနီးရှိ ပန်းချောင်း (ယခု နားဋောင်းကျချောင်း) နားသို့ ရောက်သော် နားဋောင်းကျွတ်သွားသောကြောင့် ရေတွင်ရှာဖွေသော်လည်း မတွေ့ဘဲ ကောင်းကင်၌ စာသူငယ်အပေါင်း သောသောညံဝန်းရံ၍ နားဋောင်းကိုတွေ့ခဲ့ကြောင်း၊ ထို့နောက် နားဋောင်းအား ဋ္ဌာပနာ၍ တည်ထားခဲ့ပြီး ကောင်းကင်၌ နားဋောင်းမွေတော်ကို စာများရံလျက် တည်သည်ကို စွဲ၍ ရွှေစာရံဘုရားတွင်ကြောင်း၊ စောမွန်လှသည် ထိုအရပ်၌ ဘုရားတည်ကြောင်းကို အနော်ရထာမင်းကြီး ကြားသိတော်မူသောအခါ အားရတော်မူသဖြင့် သက္ကရာဇ် ၄၁၆ ခု၊တန်ဆောင်မုန်းလဆန်း (၁၀) ရက်နေ့တွင် ရွှေစာရံဘုရားဝန်းကျင်မြေ တာ ၁၀၀၀ ကျော် လှူတော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

သက်ထွန်းအောင်

Most Read

Most Recent