■ ယင်းစက်မှုဇုန်တွင် တပတ်အတွင်း စက်ရုံမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းစက်မှုဇုန်တွင် တပတ်အတွင်း စက်ရုံမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းရှိ အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၏ ရေသယ်ယာဉ်များဖြင့် Level 1 အဆင့် သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုမှာ နံနက် ၁၁ နာရီ ၄၆ မိနစ်က စတင်ဖြစ်ပွားခြင်းဖြစ်ပြီး မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ စက်ရုံရှေ့တွင် စုပုံထားသည့် ဖော့ဘူး၊ စက္ကူပုံးများ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ပင်မစက်ရုံသို့ မီးကူးစက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ဝါးတရာစက်မှုဇုန် ငှက်ပျောတောလမ်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ည ၁၂ နာရီ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
ယင်းမီးလောင်မှုကိုလည်း level 2 အဆင့်အထိသတ်မှတ်ကာ ငြိမ်းသတ်ခဲ့ရကြောင်း၊ ယင်းမီးလောင်မှုမှာလည်း တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။















