မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ပြီးနောက်ပိုင်း ဆိပ်ကမ်းများရှိ သမ္ဗာန်စီးနင်းမှု များစွာလျော့ကျလာကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က သမ္ဗာန်ဆိပ်များထံမှ သိရသည်။
“တံတားမဖွင့်တည်းက အခက်အခဲတွေရှိိခဲ့တာပါ။ တံတားဖွင့်ပြီးတဲ့အချိန်မှာ ရတဲ့ဝင်ငွေနဲ့ မဖွင့်ခင်မှာရတဲ့ငွေက တော်တော်ကို ကွာသွားပါတယ်။ အရင်ကထက် ဝင်ငွေက တစ်ဝက်လောက်ကို လျော့သွားတာပါ။ ဒါပေမယ့် မိသားစုက စားလို့ရသေးတယ်ပြီးတော့ ကိုယ်တွေအသက်အရွယ်နဲ့ဖြစ်ဖြစ် ဒီဟာကိုဘဲ လုပ်ကိုင်စားလာတော့ လုပ်နေရတာပါ။ တံတားထိုးလိုက်တာက ကောင်းပါတယ်။ နောက်ပိုင်းကျ ကိုယ်တွေလည်း ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားသောက်ရမှာပေါ့” ဟု ကမာကဆစ်ကူးတို့သမ္ဗာန်ဂိတ်မှ ဦးမြင့်သန်းက ပြောကြားသည်။
မြန်မာ- ကိုရီးယား(ဒလ)တံတားအား ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပန်းဆိုးတန်းသမ္ဗာန်ဂိတ်မှ သမ္ဗာန်ကြီးကြပ်ရေးမှုး ဦးထွန်းအောင်က “တံတားကြီးဖွင့်တဲ့နေ့ကစပြီး သမ္ဗာန်တွေလည်း နည်းသွားတာပေါ့။လူစီးတာလည်း နည်းသွားတယ်။ အရင်ကဆို သမ္ဗာန်ပေါင်းတစ်ရာလောက်ရှိတယ်။ အခုဆို တစ်ဝက်လောက်နည်းသွားတယ်။ ရုံးတက်ရုံးဆင်းချိန်တောင် စီးတဲ့သူတော်တော်နည်းသွားတယ်။ သမ္ဗာန်သမားတွေကတော့ ဝင်ငွေတွေတော်တော်နည်းသွားတာပါ” ဟု ပြောကြားသည်။
မြန်မာ- ကိုရီးယား(ဒလ)တံတားပေါ်သို့ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကာ YBPC မှ ယာဉ် အစီးရေ ၂၀ နှင့် YUPT မှ ယာဉ်ဆယ်စီးဖြင့် ပြေးဆွဲနေပြီး ယင်းသို့ ပြေးဆွဲပြီးနောက်တွင် သမ္ဗာန်သမားများမှာ အခက်အခဲများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။















