အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တာဟာ အဖိုးတန်တစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ (၁-၁)ဂိုး သရေကျခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးကို (၄)မှတ်သာ ဖြတ်နိုင်ပါတော့တယ်။
ဒါကြောင့် အာဆင်နယ်အသင်းရဲ့ အမှတ်လျော့မှုအပေါ် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပေမဲ့ အနှောင့်အယှက်ပေးတဲ့ အသံတွေကို လျစ်လျူရှုထားရမယ်လို့လည်း ဒက်ကလန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။
''ဒီခရီးစဉ်မှာ တစ်ရာသီ ပွဲပေါင်း(၇၀)လောက်ကို အကောင်းဆုံးခြေစွမ်းနဲ့ တောက်လျှောက်မဖြတ်သန်းနိုင်ပါဘူး။ ဒါပေမဲ့ တတ်နိုင်သမျှ အကောင်းဆုံးခြေစွမ်းတော့ ရှိနေရမှာပါ။ ဒါဟာ ရိုလာကိုစတာရာသီတစ်ခုပါ။ ဒီခရီးကို လွယ်ကူမယ်လို့ တွေးလို့မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးအသင်းတွေနဲ့ အပတ်တိုင်း ရင်ဆိုင်ကစားနေရတာပါ။ ကျွန်တော်တို့ ဆက်လက်အားထုတ်ရမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရမယ်။ ပြင်ပက အနှောင့်အယှက်ပေးတဲ့အသံတွေကို မသိကျိုးကျွန်ပြုထားရမယ်။ ကျွန်တော်တို့ အဲဒီလို တကယ်ကောင်းကောင်းလုပ်နိုင်ရမှာပါ။ လူတွေက ချန်ပီယံပြိုင်ဆိုင်မှုနဲ့ အာဆင်နယ်အကြောင်း ပြောနေကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တကယ့်ကို တည်တည်ငြိမ်ငြိမ်ရှိနေကြပါတယ်'' လို့ ဒက်ကလန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး(၃)ရာသီဆက်တိုက် ဒုတိယနေရာရရှိခဲ့ပြီး ဒုတိယရာသီဝက်ကာလမှာ အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတတ်တာကြောင့် ချန်ပီယံဆု မရယူနိုင်တာဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။















