ထိုင်းနိုင်ငံ စမတ်စခွန်ရှိ မြန်မာအမျိုးသမီးတစ်ဦး၏ ဂိုဒေါင်တစ်ခုအတွင်း နာမည်ကြီး အမှတ်တံဆိပ်များကို အတုပြုလုပ်ထားသည့်သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် အခုရေ နှစ်သိန်းကျော်ကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ စမတ်စခွန်ရှိ မြန်မာအမျိုးသမီးတစ်ဦး၏ ဂိုဒေါင်တစ်ခုအတွင်း နာမည်ကြီး အမှတ်တံဆိပ်များကို အတုပြုလုပ်ထားသည့်သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် အခုရေ နှစ်သိန်းကျော်ကို ဖမ်းဆီးရမိ
Published 4 February 2026

ထိုင်းနိုင်ငံ စမတ်စခွန်ရှိ မြန်မာအမျိုးသမီးတစ်ဦး၏ ဂိုဒေါင်တစ်ခုအတွင်း နာမည်ကြီး အမှတ်တံဆိပ်များကို အတုပြုလုပ်ထားသည့်သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် အခုရေ နှစ်သိန်းကျော်ကို ဖမ်းဆီးရမိသည်ဟု ထိုင်းသတင်းအချို့တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် ထိုင်းနိုင်ငံ စမတ်စခွန်ခရိုင် ဘန်ကောက်မြို့နယ်ရှိ မြန်မာအမျိုးသမီးတစ်ဦး ပိုင်ဆိုင်သည့်ဂိုဒေါင်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့(CIB) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ယင်းဂိုဒေါင်မှာ Mrs. Sank အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးပိုင်ဆိုင်ပြီး အွန်လိုင်းမှ မှာယူသည့်ဖောက်သည်များကို ရောင်းချရန်အတွက် သိုလှောင်ထားသည့် ပစ္စည်းများဖြစ်သည်ဟု ဝန်ခံခဲ့သည်။

ဂိုဒေါင်အတွင်းမှ ပစ္စည်းများကို အဆိုပါအမျိုးသမီးနှင့်အတူ အာဏာပိုင်များက ဖွင့်ဖောက်စစ်ဆေးရာတွင် သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် အတု အခုရေ နှစ်သိန်းကျော်ကို သိုလှောင်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းမှာ ပစ္စည်းအစစ်များ အရောင်းမြှင့်တင်ရေးလုပ်နေသည်ဟုဆိုကာ ဈေးကွက်ပေါက်ဈေးထက် သိသိသာသာလျှော့ပြီး ရောင်းချခဲ့ကြောင်း၊ ရရှိသည့် ငွေကြေးများကို ပြည်ပသို့ လွှဲပြောင်းခဲ့ပြီး ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားတစ်ဦးနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဟု ထွက်ဆိုထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

နာမည်ကြီးအလှကုန်ပစ္စည်းကုမ္ပဏီများ၏ ကိုယ်စားလှယ်များက အွန်လိုင်းတွင် ခေါင်းလျှော်ရည်နှင့် အခြားအလှကုန်ပစ္စည်းအတုများကို ရောင်းချနေသည်ဟု တိုင်ကြားလာခြင်းကြောင့် ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဂိုဒေါင်အတွင်းမှ ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်ဆေးရာ အဆိုပါကုန်ပစ္စည်းများမှာ အရည်အသွေးပြည့်မီမှုမရှိသဖြင့် သုံးစွဲသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ကျူးလွန်သူများမှာကုန်လှောင်ရုံနှင့် ပါဆယ်ထုတ်သည့်အခန်းများကို ခွဲခြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများတွင် Head and Shoulder၊ Clear အစရှိသည့် နာမည်ကြီးအမှတ်တံဆိပ် ခေါင်းလျှော်ရည်များကိုလည်း တွေ့ရသည်။

အွန်လိုင်းတွင် ဈေးဝယ်သည့်အခါ ပိုမိုသတိထားရန်၊ ကုန်ပစ္စည်းကို ပိုင်ဆိုင်သော စတိုးဆိုင် သို့မဟုတ် ယုံကြည်စိတ်ချရပြီး လက်တွေ့ကျသောဈေးနှုန်းရှိသော ပလက်ဖောင်းမှ 

ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူသင့်သည်ဟု ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့(CIB) က ပြည်သူများအား အသိပေးနှိုးဆော်ထားသည်။

ကုန်ပစ္စည်းသည် ဈေးကွက်ထက် များစွာဈေးသက်သာနေခြင်း သို့မဟုတ် အရင်းအမြစ်မှာ ယုံကြည်စိတ်ချရခြင်းမရှိပါက အရည်အသွေးမပြည့်မီသော အတုအယောင်များဖြစ်နိုင်ပြီး

သုံးစွဲသူကိုယ်တိုင် အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ အမှတ်တံဆိပ်အတုများ ရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိပါက CIB သို့တိုက်ရိုက်တိုင်ကြားနိုင်သည်ဟု သတင်းတွင်ဖော်ပြသည်။

Most Read

Most Recent