မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သက်ပြီး ယာဉ်အုပ်စုနှင့်စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏအား  Barcode, QR Code ဖြင့် စတင်ရောင်းချနေ

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သက်ပြီး ယာဉ်အုပ်စုနှင့်စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏအား  Barcode, QR Code ဖြင့် စတင်ရောင်းချနေ
Published 23 April 2026

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့် ပတ်သက်ပြီး ယာဉ်အုပ်စုနှင့် စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်းဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏအား ယမန်နေ့ဧပြီလ (၂၂) ရက်နေ့မှ မှစပြီး Barcode, QR Code ဖြင့်စတင်ရောင်းချနေကြောင်း သိရသည်။

ယမန်နေ့တွင် စက်သုံးဆီလာရောက်ဝယ်ယူကြသည့် မော်တော်ဆိုင်ကယ်၊ သုံးဘီး/ အိုးဝေယာဉ်များနှင့် မော်တော်ယာဉ်များအား QR Code များလုပ်ဆောင်ပေးကာ သတ်မှတ်တန်ဖိုးအလိုက် စက်သုံးဆီများရောင်းချပေးနေကြောင်း မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လောလောဆယ်မှာ ယာဉ်လိုင်စင်မှာ ပါရှိတဲ့ ယာဉ်နံပါတ်နဲ့ QR Code လုပ်ပေးလိုက်တယ်။ အဲ့ဒီ QR Code ကိုတော့ ကိုယ့်ဖုန်းနဲ့ကိုယ် ဓါတ်ပုံရိုက်သွားပေါ့။ ပြီးရင်နောက်ထပ်စက်သုံးဆီဝယ်ယူချင်တယ်ဆိုရင် အဲ့ဒီ QR Code ကိုပြပြီးဝယ်ယူလို့ရပါတယ် ဟု ပြောကြားသည်။

စက်သုံးဆီအရောင်းဆိုင်များတွင် QR Code ကို Scan ဖတ်ပါ မည်သည့်ဆိုင်တွင် မည်မျှဝယ်ယူခဲ့သည်ကို သိရမည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် ငွေတန်ဖိုးအလိုက် (ဥပမာ ကျပ်တစ်သောင်းဖိုး၊ ကျပ်တစ်သောင်းခွဲဖိုးစသည်ဖြင့်သာ)  ရောင်းချပေးနိုင်သေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သုံးဘီး / အိုးဝေယာဉ်များအတွက် တစ်ပတ်စာ (၂၅) လီတာဝယ်ယူခွင့်ရကြောင်း၊ ဆိုင်တိုင်းလိုလိုတွင် စက်သုံးဆီအပြည့်ရောင်းပေးကြကြောင်း မော်လမြိုင်မြို့ခံ သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဆီဆိုင်တွေမှာ အရင်ကလို တန်းစီကြသူတွေ သိသိသာသာလျာ့သွားတယ်။ အကြာကြီးလည်း တန်းမစီကြရတော့ဘူး။ တချို့ဆိုင်တွေမှာတော့ တန်းစီးနေကြတာမျိုးတွေ့ရတယ်။ စက်သုံးဆီဆိုင်အားလုံးအချိန်ပြည့်ရောင်းပေးကြရင်တော့ ဆီဝယ်ဖို့ တန်းစီသူတွေ အလိုလိုလျော့သွားကြမှာပါ ဟု ပြောကြားသည်။

မဟာသင်္ကြန်ကာလပြီးသွားသည့် ဧပြီလ (၁၈) ရက်နေ့နောက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မဟာသင်္ကြန်ကာလမတိုင်ခင်ကကဲ့သို့ စက်သုံးဆီအား အချိန်ကြာမြင့်စွာတန်းစီယူသူ သိသိသာသာလျော့ကျသွားကြောင်းလည်း မော်လမြိုင်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ထိုသို့ စက်သုံးဆီအရောင်းဆိုင်များ၌ Barcode, QR Code စနစ်ဖြင့် စတင်ရောင်းချနေသည်များအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇေယျာဦး ကိုယ်တိုင် မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းကာလိုက်လံကြပ်မတ်ဆောင်ရွက်ပေးခဲ့သည့်အပြင် Barcode, QR Code စနစ်ဖြင့် စက်သုံးဆီအား ရောင်းချသည့်နစ်နှင့်ပတ်သက်ပြီး ပြည်သူများအားရှင်းပြခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးဦးအောင်ဝင်းသန်း နှင့် သက်ဆိုင်ရာမွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal (PPIPT) အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူခွင့်ရရှိရေးအတွက် ဆီဆိုင်များတွင် တန်းစီပြီး ဝယ်ယူနေရခြင်းအား နည်းပါးသွားစေရန်၊ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဘားကုတ်များ/ QR Code ဖြင့် စက်သုံးဆီ ရောင်းချနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြရန် လမ်းညွန်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ  Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ် မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူခြင်းခံထားရသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent