■ ထိုင်းရောက်မြန်မာလုပ်သား ၃၀၀ ကျော်ကို ပန်းရောင်ကတ်တင်ပေးမည်ဟုဆိုကာ စည်သူ(ပလပ်ကျွတ်)က ဘတ်ငွေအမြောက်အမြား လိမ်လည်ကာ အဆက်အသွယ်ဖြတ်တောက်ထား

■ ထိုင်းရောက်မြန်မာလုပ်သား ၃၀၀ ကျော်ကို ပန်းရောင်ကတ်တင်ပေးမည်ဟုဆိုကာ စည်သူ(ပလပ်ကျွတ်)က ဘတ်ငွေအမြောက်အမြား လိမ်လည်ကာ အဆက်အသွယ်ဖြတ်တောက်ထား
Published 21 January 2026

ထိုင်းရောက်မြန်မာလုပ်သား ၃၀၀ ကျော်ကို ပန်းရောင်ကတ်တင်ပေးမည်ဟုဆိုကာ စည်သူ(ပလပ်ကျွတ်)က ဘတ်ငွေအမြောက်အမြား လိမ်လည်ကာ အဆက်အသွယ်ဖြတ်တောက်ထားသည်ဟု ထိုင်းရောက်မြန်မာလုပ်သားများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားပြုလုပ်ပေးရန်အတွက် ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်မှစတင်ကာ ဘတ်တင်ထားသူများကို အဆက်အသွယ်မလုပ်တော့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ပတ်လောက်ရှိပြီ။ အခုထိကို ဆက်သွယ်လို့မရဖြစ်နေတယ်။ TikTok မှာတော့ လွှင့်နေပေမယ့် ဘယ်လိုမှ ဆက်သွယ်လို့မရဘူး” ဟု စည်သူပလပ်ကျွတ်ထံ ဘတ်တင်ရန်အတွက် အခကြေးငွေပေးထားသူတစ်ဦးက ပြောကြားသည်။

စည်သူပလပ်ကျွတ်ထံတွင် ဘတ်တင်ရန်အတွက် တစ်ဦးလျှင် ဘတ်ငါးထောင်ကျော်မှ ဘတ် ၁၃၀၀၀ ကျော်အထိပေးရကြောင်း၊ အချို့မှာ အလုံးစုံပေးပြီးဖြစ်သော်လည်း အချို့မှာ ငါးထောင်ကျော်အထိ ပေးထားရသူများရှိကြောင်း သိရသည်။

“အခုကတော့ လိမ်တဲ့သဘောဖြစ်နေပြီ။ ဘတ်တင်ဖို့ပေးထားတဲ့ငွေတွေကို လုံးဝမရှင်းပေးသေးဘူး။ ငွေပြန်ရတာ မရတာထက် ဘတ်တင်တာအဆင်ပြေဖို့အရေးကြီးတယ်” ဟု မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စည်သူပလပ်ကျွတ်က သူ၏ TikTok အကောင့်တွင် လောင်းကစားလုပ်ခြင်းကြောင့် ငွေကြေးဆုံးရှုံးခြင်းများရှိကြောင်း၊ ထိုင်းနိုင်ငံရှိ ငါးသန်းကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကုမ္ပဏီက ၎င်းကို ဘတ် ၁၄ သိန်းပေးရမည်ဖြစ်ကာ အလုပ်သမား ၃၆၄ ဦးအတွက် ကုမ္ပဏီက တာဝန်ယူပေးရမည်ဖြစ်ကြောင်း တင်ရှိထားသည်။

ယင်းသို့ TikTok အကောင့်တွင် စည်သူပလပ်ကျွတ်က တင်ထားရာ ကွန်းမန့်များတွင် ဘတ်တင်ရန်အတွက် အခကြေးငွေ ပေးထားသူအချို့က မေးမြန်းထားသော်လည်း အကြောင်းပြန်ထားခြင်းမရှိပေ။

ဘတ်ငါးသန်း ကုမ္ပဏီ၏ သူဌေးဆိုသူက TikTok အကောင့်တွင် စည်သူပလပ်ကျွတ်က ကျန်ရှိငွေများကို ပေးထားခြင်းမရှိကြောင်း၊ ကုမ္ပဏီသို့ ငွေသွင်းထားသူများကို ကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တင်ရှိထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် ပွဲစားများ၏ ငွေကြေးလိမ်လည်မှုများကို မကြာခဏခံနေရပြီး ငွေကြေးဆုံးရှုံးခြင်းများရှိသည်ဟု ထိုင်းရောက်မြန်မာလုပ်သားများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများမှာ တရားဝငနေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပန်းရောင်ကတ် (ဒေသအခေါ်ဘတ်ကတ်) ကို ဦးစွာလျှောက်ထားရပြီး ယင်းကတ်ရရှိပါက အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို လျှောက်ထားရကြောင်း၊ ယင်းနောက် CI ကတ်ကို လျှောက်ထားရကြောင်း သိရသည်။

Most Read

Most Recent