■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၆ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရ

■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၆ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရ
Published 21 January 2026

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၆ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ကန်ချနဘူရီခရိုင် ဆိုင်းယွတ်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် ပစ်ကပ်မော်တော်ယာဉ် လေးစီးအား ထိုင်းအာဏာပိုင်များက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ  ပစ်ကပ်မော်တော်ယာဉ် သုံးစီးမှာ ဘုရားကျောင်းဝင်းတစ်ခုအတွင်းသို့ မောင်းနှင်ထွက်ပြေးကာ ပုန်းအောင်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုင်းအာဏာပိုင်များက အချိန်မီ လိုက်လံပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။

ထိုပစ်ကပ်မော်တော်ယာဉ် လေးစီးအား ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ယာဉ်ပေါ်မှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၂၉ ဦးတို့အား တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ၎င်းတို့မှာ မြန်မာနိုင်ငံ ရန်ကုန်နှင့် ပဲခူးတိုင်းဘက်မှ ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းများမှတစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ စမွတ်စခွန်ခရိုင်ရှိ အလုပ်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားပြီး ပွဲစားအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၂၀၀၀ မှ ဘတ်ငွေ ၂၀၀၀၀ အထိ ပေးဆောင်ရန် လူပွဲစားများနှင့် သဘောတူထားရကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်း ထိုင်းသတင်းများက ဆိုထားကြသည်။

ထိုဖြစ်စဉ်မှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၆ ဦးနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် ယာဉ်မောင်း လေးဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့အားလုံးကို ထိုင်းဥပဒေများအရ အရေးယူနိုင်ရန်အတွက် ဆိုင်းယွတ်ရဲစခန်းသို့ ပို့ဆောင်ထားကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း နည်းလမ်းပေါင်းစုံဖြင့် တရားမဝင် ဝင်ရောက်လာသူ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၈၅၅ ဦးထက်မနည်းရှိခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။

Photo Credit – Thai News

 

Most Read

Most Recent