အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့သာ ကြိုးစားသွားမှာဖြစ်ပြီး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာမရှိဘူးလို့ ကာရစ် ပြောကြား

အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့သာ ကြိုးစားသွားမှာဖြစ်ပြီး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာမရှိဘူးလို့ ကာရစ် ပြောကြား
Photo: X
Photo: X
Published 19 January 2026

မန်ယူအသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်က သူ့အနေနဲ့ မန်ယူအသင်း အဆင့်ဘယ်လောက်ရရှိရမယ်ဆိုတဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာမရှိဘဲ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့သာ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုက ထွက်ခဲ့ရပြီဖြစ်တာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းသာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ပွဲစဉ်(၂၂)အပြီးမှာ အမှတ်ပေးဇယားအဆင့်(၅)နေရာ ရပ်တည်နေပါတယ်။

အဆင့်(၄)နေရာက လီဗာပူးလ်နဲ့ တစ်မှတ်သာကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနိုင်တဲ့အခြေအနေ ရှိနေပေမဲ့ အသင်းတာဝန်ရှိသူတွေက မဖြစ်မနေရယူရမယ်လို့ ဖိအားပေးမထားကြောင်း ဆိုခဲ့တာပါ။

''ကျွန်တော်တို့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော် ဂျေဆင်နဲ့ရော အိုမာနဲ့ပါ စကားတွေအများကြီး ပြောခဲ့ပြီးပါပြီ။ သူတို့က အကောင်းဆုံးဖြစ်လာစေချင်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ တတ်နိုင်သရွေ့ အမြင့်ဆုံးနေရာမှာတော့ ရပ်တည်ချင်ပါတယ်။ နိုင်ပွဲတွေ ရယူနိုင်ဖို့နဲ့ ကောင်းကောင်းကစားနိုင်ဖို့ကတော့ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အလုပ်ပါ'' လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းက ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာဖြစ်ပြီး ပွဲဦးထွက်မှာ မန်စီးတီးအသင်းကို ခြေစွမ်းပြအနိုင်ယူခဲ့တာကြောင့် ချီးကျူးမှုများစွာ ရရှိခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Most Read

Most Recent