■ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ အခမ်းအနားအစီအစဉ်များ ဆက်လက်ကျင်းပ

■ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ အခမ်းအနားအစီအစဉ်များ ဆက်လက်ကျင်းပ
Published 14 January 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ အခမ်းအနားအစီအစဉ်များအား ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ဆက်လက်ကျင်းပခဲ့သည်။

ဒုတိယနေ့ အခမ်းအနားအား လူငယ်များ၏ အခန်းကဏ္ဍကို ပညာရှင်များက ရှင်းလင်းဆွေးနွေးခြင်းခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပဋိပက္ခများ လျှော့ချရပ်တန့်နိုင်စေရေးအတွက် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးဖော်ထုတ်ခြင်း၊ လူငယ်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေးအမြင်၊ မျိုးချစ်စိတ်ကို အခြေခံသော ပြည်ထောင်စုစိတ်ဓာတ်၊ ယနေ့ခေတ်လူငယ်များ၏ စိတ်ပါဝင်စားမှုနှင့် ကိုက်ညီသော လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ အားကစားဆိုင်ရာ ဦးစားပေးအစီအစဉ်များအား ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိတ်ဆက်ခြင်း၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း ခေါင်းစဉ်များအား Speaker များက ဆွေးနွေးတင်ပြခဲ့ကြသည်။

အလားတူ အလုပ်အကိုင်အခွင့်အလမ်းနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဒေသအလိုက် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း၊ လူငယ်နှင့် စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခွင့်အလမ်းများ၊ လူငယ်စီးပွားရေးလုပ်ငန်းများ စတင်ရန် ပံ့ပိုးရမည့်ကိစ္စများ၊ လူမှုကွန်ရက်၊ Social Media နှင့် လူငယ်ကွန်ရက် အခွင့်အလမ်း၊ သတင်းအချက်အလက်နည်းပညာ သက်ရောက်မှုများ (IT)၊ ဉာဏ်ရည်တုနည်းပညာ (AI) မှန်ကန်အကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေး အသုံးပြုမှု၊ ဉာဏ်ရည်တုနည်းပညာ(AI) စနစ်ထူထောင်ရေး၊ ဆိုက်ဘာ (Cyber)၊ Online Security ၊ လူမှုကွန်ယက် (Social Media) နှင့် ကွန်ရက်အဖွဲ့များ စသည့် ခေါင်းစဉ်များဖြင့် Speaker များက ဆွေးနွေးတင်ပြကြသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များအရေးကြီးမှုကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့် ပတ်သက်၍ ဆွေနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များပိုမိုခိုင်မာလာစေရေန်၊ ရှေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်နှင့်  လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာစာတမ်းတစ်ရပ်အား ရေးဆွဲတင်ပြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။

 

Most Read

Most Recent