ရွေးကောက်ပွဲအပိုင်း (၂) ၌ ပါဝင်သော ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဇောတိက ဦးခင်လှိုင်သည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို မဲတစ်သောင်းနီးပါးအသာဖြင့် အနိုင်ရခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ကြည့်မြင်တိုင်မဲဆန္ဒနယ်တွင် မြို့ဘက်ခြမ်း ရပ်ကွက် ၁၈ ခုနှင့် ကျေးရွာဘက်ခြမ်း ရပ်ကွက် လေးခုရှိပြီး ရပ်ကွက်စုစုပေါင်း မဲရလဒ်များအရ ဦးခင်လှိုင်က ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို မဲတစ်သောင်းနီးပါး အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးခင်လှိုင်အနေဖြင့် ကျေးရွာဘက်ခြမ်းတွင် မဲအရေအတွက် ၆၀၀၀ ကျော် ရရှိပြီး မြို့ဘက်ခြမ်းတွင် မဲအရေအတွက် ၈၀၀၀ ကျော်ရရှိခဲ့သဖြင့် မဲအရေအတွက် စုစုပေါင်း ၁၄၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
ဦးခင်လှိုင်နှင်အတူ့ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းမှာမူ ကျေးရွာဘက်ခြမ်းတွင် မဲအရေအတွက် ၂၀၀၀ ကျော်နှင့် မြို့ဘက်ခြမ်းတွင် မဲအရေအတွက် ၂၀၀၀ ကျော်သာ ရရှိသဖြင့် ဦးခင်လှိုင်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအပေါ် မဲအရေအတွက် တစ်သောင်းနီးပါးအသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၆၀၀၀၀ နီးပါးခန့်ရှိပြီး မြို့ဘက်ခြမ်း ရပ်ကွက် ၁၈ ခုတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၂၀၀၀ ကျော်နှင့် ကျေးရွာဘက်ခြမ်း ရပ်ကွက် လေးခုတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၆၀၀၀ ကျော် ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂) ၌ ပါဝင်သော ကြည့်မြင်တိုင်မြို့နယ်တွင် မဲရုံပေါင်း ၄၈ ရုံရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။















