ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ် ဖြစ်လာဖို့ လီယမ်ရိုစီနီယာ ရေပန်းအစားဆုံးဖြစ်နေ

ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ် ဖြစ်လာဖို့ လီယမ်ရိုစီနီယာ ရေပန်းအစားဆုံးဖြစ်နေ
Photo: X
Photo: X
Published 2 January 2026

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စကာကို ရာထူးက ထုတ်ပယ်ပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေရာမှာ စထရာဘိုးအသင်းရဲ့နည်းပြ လီယမ်ရိုစီနီယာက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

အသက်(၄၁)နှစ်သာရှိသေးတဲ့ လီယမ်ရိုစီနီယာဟာ အင်္ဂလန်နောက်ခံလူဟောင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာမှ နည်းပြလောကထဲ ဝင်ရောက်ခဲ့တာပါ။

သူက ဒါဘီအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ နည်းပြဘဝကို အစပြုခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လိဂ်ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

၂၀၂၄ နွေရာသီမှာ လက်ရှိကလပ် စထရာဘိုးအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီအသင်းက ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ BlueCo ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်တွေက လီယန်ရိုစီနီယာကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပြီး လောင်းကစားကုမ္ပဏီတွေကလည်း (၁း၂)လေးနဲ့ အလေးပေးကြေးဖွင့်ထားပါတယ်။

ဒုတိယနေရာမှာတော့ ကိုမိုနည်းပြ ဖာဘရီဂတ်စ်က (၉း၁)လေးနဲ့ရှိနေပြီး ဖလာမင်ဂိုနည်းပြ ဖိလစ်ပီလူးဝစ်က (၁ဝး၁)လေးနဲ့ တတိယနေရာ၊ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာက (၁၄း၁)လေးနဲ့ စတုတ္ထနေရာ၊ ပဲလေ့စ်နည်းပြ ဂလက်စ်နာက (၂ဝး၁)လေးနဲ့ ပဥ္စမနေရာမှာ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေက နည်းပြသစ်ခန့်အပ်မှုကို အမြန်ဆုံးလုပ်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

Most Read

Most Recent