ရီးယဲလ်မက်ဒရစ်အသင်းဟာ စီးရီးအေကလပ် ကိုမိုအသင်းမှာ ခြေစွမ်းပြနေတဲ့ အာဂျင်တီးနားကွင်းလယ်တိုက်စစ်ကစားသမား နီကိုပက်ဇ်ကို လာမယ့်နွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ နီကိုပက်ဇ်ဟာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဖြစ်ပေမဲ့ စပိန်နိုင်ငံမှာ မွေးဖွားကြီးပြင်းသူဖြစ်ပြီး တယ်နာရိုက်ဖ်လူငယ်စီမံကိန်းကတစ်ဆင့် ရီးယဲလ်အကယ်ဒမီသို့ ရောက်ရှိခဲ့သူပါ။
ရီးယဲလ်အသင်းက နီကိုပက်ဇ်ကို ၂၀၂၃-၂၄ ရာသီမှာ ပြိုင်ပွဲစုံ ရှစ်ပွဲ အသုံးပြုခဲ့ပေမဲ့ ၂၀၂၄ နွေရာသီမှာ စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ ယူရိုခြောက်သန်းနဲ့ ရောင်းထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုမိုအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ နီကိုပက်ဇ်ကို ယူရိုကိုးသန်းနဲ့ ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ရီးယဲလ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ စျေးကွက်တန်ဖိုး ယူရိုသန်း ၆၀ ကျော်နေပြီဖြစ်တဲ့ နီကိုပက်ဇ်ကို ယူရို ၁၀ သန်းဝန်းကျင်နဲ့ ပိုင်ဆိုင်နိုင်တော့မှာပါ။
နီကိုပက်ဇ်ဟာ ပွဲဦးထွက်ရာသီမှာပဲ ကိုမိုအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် လက်ရှိရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲကစားရာမှာ ငါးဂိုးသွင်း၊ ငါးဂိုးဖန်တီးပြီး ခြေစွမ်းပြနေတဲ့အတွက် ရီးယဲလ်အသင်းက ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။















