ဗီလာနဲ့ပွဲမှာ ဒီလပ်နဲ့ အီစတေဗို ပြန်လည်ပါဝင်နိုင်မယ်လို့ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာ အတည်ပြု

ဗီလာနဲ့ပွဲမှာ ဒီလပ်နဲ့ အီစတေဗို ပြန်လည်ပါဝင်နိုင်မယ်လို့ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာ အတည်ပြု
Photo: X
Photo: X
Published 26 December 2025

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဗီလာနဲ့ ကစားရမယ့်ပွဲမှာ ဒီလပ်နဲ့ အီစတေဗို ပြန်လည်ပါဝင်နိုင်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အင်္ဂလန်လူငယ်တိုက်စစ်မှူး ဒီလပ် (၂၂ နှစ်)ဟာ ပခုံးဒဏ်ရာကြောင့် ဒီဇင်ဘာလဆန်းပိုင်းကတည်းက အနားယူနေရပြီး ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမား အီစတေဗို (၁၈ နှစ်)ကလည်း ကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

၎င်းတို့နှစ်ဦးအနေနဲ့ ဒီဇင်ဘာ ၂၇ ရက် (စနေနေ့) ကစားရမယ့် ဗီလာအသင်းနဲ့ အိမ်ကွင်းပွဲမှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ကြောင်း မာရက်စကာက အတည်ပြုပြောကြားခဲ့တာပါ။

''သူ (ဒီလပ်) ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျွန်တော်တို့ အတိအကျမသိပေမဲ့ စနေနေ့ပွဲမှာ သူပါဝင်နိုင်ပါပြီ။ အီစတေဗိုလည်း ကစားနိုင်ပါပြီ။ သူတို့ နှစ်ယောက်စလုံးအတွက် အရမ်းဝမ်းသာပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပေါင်ခြံဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ပါလ်မာ (၂၃ နှစ်) လည်း မိနစ် ၉၀ အပြည့် ကစားနိုင်ပြီဖြစ်ကြောင်း မာရက်စကာက ဆက်လက်ပြောကြားခဲ့ပါတယ်။

''သူက မိနစ် ၉၀ ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်တယ်။ ကစားသမားတစ်ယောက်ရဲ့ တိုးတက်မှုက ၄၅ မိနစ်၊ တစ်နာရီ၊ မိနစ် ၇၀ ဖြစ်ပါတယ်။ သူက အဲဗာတန်နဲ့ပွဲမှာ တစ်နာရီ ကစားနိုင်ခဲ့တယ်။ နယူးကာဆယ်နဲ့ပွဲမှာတော့ မိနစ် ၇၀ ကျော် ကစားနိုင်ခဲ့တယ်။ တိုးတက်မှုက အဲဒီမှာရှိနေပြီလို့ ကျွန်တော် ထင်တယ်''လို့  မာရက်စကာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent