မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တို့ တွေ့ဆုံပြီး အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ လာရောက်တွေ့ဆုံမှုသည် MISIS နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။















