စပါးအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒီဗန်က လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ကို ဒဏ်ရာရရှိစေရန် မရည်ရွယ်ခဲ့ကြောင်းနဲ့ မက်ဆေ့ချ်ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
စပါးက လီဗာပူးလ်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကြောင့် အီဆက်ခ်အနေနဲ့ ခြေချင်းဝတ်ရိုးကျိုးတဲ့ဒဏ်ရာ ရရှိခဲ့ပြီး (၂)လဝန်းကျင် အနားယူရတော့မှာဖြစ်ပါတယ်။
ဒီအတွက် ဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကို ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပြီး လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကလည်း ဒဏ်ရာရရှိဖို့ သေချာတဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုလို့ ဆိုခဲ့ပါတယ်။
စပါးနည်းပြ သောမတ်စ်ဖရန့်ခ်ကတော့ နောက်ခံလူတစ်ယောက်ရဲ့ ပုံမှန်ဖျက်ထုတ်မှုဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။
ဗန်ဒီဗန်ကတော့ ''ကျွန်တော် သူ့ဆီ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ သူ့ကို ဒဏ်ရာမရရှိစေလိုခဲ့သလို၊ တစ်စုံတစ်ရာနာကျင်သွားစေလိုတဲ့ ဆန္ဒလည်း မရှိခဲ့တာကြောင့်ပါ။ သူ့ကန်ချက်ကို တားဆီးဖို့ ကြိုးစားခဲ့ရုံပါပဲ။ ကျွန်တော့်ခြေထောက်ကြားထဲ သူ့ခြေဖဝါးရောက်သွားတာကတော့ ကံမကောင်းတာကြောင့်ပါ။ ဒါကြောင့် ပွဲအပြီးမှာ သူ့ဆီ မက်ဆေ့ချ်ပို့ခဲ့တာပါ။ သူကလည်း ပြန်ပို့ပါတယ်။ သူ့ကို ကွင်းထဲမှာ အမြန်ဆုံးပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















