မန်ယူနည်းပြရာထူးကနေ ဆိုးလ်ရှား ထုတ်ပယ်မခံခဲ့ရသင့်ဘူးလို့ မာတစ် သုံးသပ်

မန်ယူနည်းပြရာထူးကနေ ဆိုးလ်ရှား ထုတ်ပယ်မခံခဲ့ရသင့်ဘူးလို့ မာတစ် သုံးသပ်
Photo: X
Photo: X
Published 22 December 2025

မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မာတစ်က ဆိုးလ်ရှားဟာ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်မခံခဲ့ရသင့်ဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းကို ရောက်ရှိနေတဲ့ မာတစ်ဟာ မန်ယူအသင်းမှာ (၅)နှစ်ကြာ ယှဉ်ပြိုင်ကစားခဲ့စဉ်အတွင်း ဆိုးလ်ရှားနဲ့ ဆုံတွေ့ခဲ့ဖူးသူဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မန်ယူအသင်းကို ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၂၁ နိုဝင်ဘာအထိ ကိုင်တွယ်ခဲ့ပြီး ရာသီအပြည့်ကိုင်တွယ်ခွင့်ရတဲ့၂၀၁၉-၂၀ ရာသီနဲ့ ၂၀၂၀-၂၁ ရာသီတွေမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၃)နဲ့ အဆင့်(၂)နေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မာတစ်က ဆိုးလ်ရှားဟာ မန်ယူအသင်းမှာ ဒီထက်အချိန်ပိုရသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

Four Four Two နဲ့ တွေ့ဆုံရာမှာ မာတစ်က ''ကျွန်တော်တို့ သူ့လက်အောက်မှာ ဒုတိယနဲ့ တတိယရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒုတိယရတာကို ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ ဒါပေမဲ့ အခု အဲဒီရလဒ်တွေကို ပြန်ကြည့်လိုက်ရင် အံ့အားသင့်စရာပါပဲ။ ကျွန်တော်ကတော့ အိုလေ(ဆိုးလ်ရှား)အနေနဲ့ အချိန်ပိုရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ကာရစ်နဲ မက်ကန်နာတို့ကိုလည်း အသိအမှတ်ပြုချင်ပါတယ်။ သူတို့က မန်ယူအသင်းကို နေရာမှန်ကို ပြန်ပို့ဆောင်ပေးဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်တွေကိုကြည့်ပြီး အိုလေကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်က ကွင်းလယ်မှာ သူ့ရဲ့ဦးစားပေးကစားသမား မဖြစ်ခဲ့ပါဘူး။ ကျွန်တော် မကစားရတဲ့ နည်းပြကို ကျွန်တော် သဘောကျလေ့မရှိသလို၊ သူတို့နဲ့ ကျွန်တော် တိုက်ခိုက်တတ်ပါတယ်။ အိုလေကတော့ အဲဒီလိုမတိုက်ခိုက်ဖြစ်ခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်ခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာတော့ ဘက်ဆစ်တက်အသင်းက ထုတ်ပယ်ခံထားရပြီး အသင်းလက်မဲ့ဖြစ်နေပါတယ်။

Most Read

Most Recent