PDF များ ယာယီစိုးမိုးခဲ့သည့် စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

PDF များ ယာယီစိုးမိုးခဲ့သည့် စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်
Published 19 December 2025

PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

PDF ပူးပေါင်းအဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဥ့်ကူး ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်မှစ၍ ဝင်ရောက် တိုက်ခိုက်ကာ မြို့/ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေး အင်အားနည်းသော တပ်စခန်းငယ်များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား  ယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင်မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူကိုယ်ကျိုးသုံးစွဲခြင်းစသည့် အကြမ်းဖက် လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် အဆိုပါဒေသရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ​ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများတည်ငြိမ်အေးချမ်းရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်သို့ ပြန်လည် အခြေချ နေထိုင်နိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေး အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ PDF  ပူပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက်တွင်လည်းကောင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတစ်ဝိုက်အား ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးကျေးရွာနှင့် ရေလှောင်တမံအား နိုဝင်ဘာ ၇ ရက်တွင်လည်းကောင်း အဝေးရောက်ဒေသခံ ပြည်သူများ၏ စစ်ရေးသတင်းပေး ကူညီမှုများဖြင့် တစ်နေရာပြီး တစ်နေရာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့​ကြောင်း သတင်းထုတ်ပြန်မှုတွင် ​ဖော်ပြထားသည်။

ထိုသို့ PDF ပူး​​ပေါင်းအဖွဲ့များများ ယာယီစိုးမိုးထားသည့် ဒေသများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာ၊ ပြင်ဦးလွင် PDF များဌာနချုပ်အဖြစ် ဖွင့်လှစ်၍ ယာယီစိုးမိုးထားသည့် စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား ဖြည့်တင်းဆောင်ရွက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပူးပေါင်း၍ မြေပြင်/ဝေဟင် ပေါင်းစပ်ကာ မြေပြင်သတင်းဖော်ထုတ်ပြီး စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပိတ်ဆို့ရေးအနေဖြင့် သပိတ်ကျင်း-ဝါးဖြူတောင်မှတစ်ဆင့် ဇရပ်ကွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ပိတ်ဆို့ရှင်းလင်းခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လိပ်ကျ၊ ချောင်းကြီးနှင့် နွယ်ရုံ တစ်ဝိုက်ကိုလည်း ဆက်လက် ပိတ်ဆို့ထိန်းချုပ်ခဲ့​ကြောင်း သိရသည်။

ထို့​နောက် ရတနာသိင်္ဂီ-နားခါ-ပျဉ်းချောင်း-လမင်းသာ လမ်းကြောင်း၊ ပန်းတင်-မြကန်သာ လမ်းကြောင်း၊ မတ္တရာ-စဥ့်ကူးလမ်းမကြီး ဘယ်/ညာမှ-တရော်ပင်-ညောင်ဝန်း-သာယာကုန်း လမ်းကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း-ကျောက်ငနွား-ရေတော်-ရွှေလှေ လမ်းကြောင်းတို့ဖြင့် စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ PDF များ ယာယီစိုးမိုးထားသည့် လက်ပန်လှ ကျေးရွာတစ်ဝိုက်အား ဒီဇင်ဘာလ ၁၈ ရက်တွင်လည်းကောင်း၊ စဥ့်ကူးမြို့တစ်မြို့လုံးအား ယနေ့(ဒီဇင်ဘာ ၁၉ ရက်)တွင်လည်းကောင်း၊ ပြန်လည်သိမ်းပိုက်ရရှိခဲ့​ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် စဥ့်ကူးမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး တိုက်ခိုက်ခဲ့ရာ PDF ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၂ လောင်း၊ လက်နက်မျိုးစုံ ၄၇ လက်၊ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရွက်တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့​ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

CRPH၊ NUG အဖွဲ့အစည်းများ၏ လက်ဝေခံ PDF များသည် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိက သွားလာအသုံးပြုလျက်ရှိသည့် အဆိုပါဒေသရှိ ဧရာဝတီတံတား(ရတနာသိင်္ဃ)၊ ကျောက်စရစ်ကုန်းတံတား၊ ဇရပ်ကွင်းတံတားနှင့် အပါအဝင် လမ်း၊ တံတားကြီးများ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့​ကြောင်း သတင်းထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထို့အပြင် ဆည်တော်ကြီး ရေလှောင်တမံ၏ ဆည်ရေပိုလွှဲရေတံခါး အဖွင့်/အပိတ် မောင်းခလုပ်၊ ဆည်တမံဘောင်နှင့် ရေထိန်းတံခါးတို့အား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်ခဲ့သည်ကို တွေ့ရပြီး တပ်မတော်အနေဖြင့်  အချိန်မီတားဆီးထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

စဥ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent