ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်မှသာ ပရိသတ်တွေနဲ့ အင်္ဂလန်အသင်းအတွက် ကျေနပ်မှုရရှိလိမ့်မယ်လို့ ဟာရီကိန်း ပြောကြား

ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်မှသာ ပရိသတ်တွေနဲ့ အင်္ဂလန်အသင်းအတွက် ကျေနပ်မှုရရှိလိမ့်မယ်လို့ ဟာရီကိန်း ပြောကြား
Photo: Harry Kane X
Photo: Harry Kane X
Published 19 December 2025

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်မှသာ ပရိသတ်တွေနဲ့ အင်္ဂလန်အသင်းအတွက် ကျေနပ်မှုရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဘောလုံးဘိုးအေနိုင်ငံအဖြစ် တင်စားခံရပေမဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၆၆ ပြိုင်ပွဲတစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူနိုင်ဖို့နဲ့ မရဖူးသေးတဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့ ရည်မှန်းချက်ထားပြီး ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်အထိ မျှော်လင့်ချက် မပြည့်မြောက်သေးပါဘူး။

ဒါပေမဲ့ ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ် ဦးဆောင်နေတဲ့ အင်္ဂလန်အသင်းရဲ့ လက်ရှိကစားသမားအစုအဖွဲ့က ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ သတ်မှတ်ခံထားရတာကြောင့် ဟာရီကိန်းက အခုလို ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

''ချန်ပီယံဆု ရယူနိုင်ခြင်းတစ်ခုကသာ ကျွန်တော်တို့ ကိုယ်တိုင်အတွက်ရော ပရိသတ်တွေအတွက်ပါ ကျေနပ်မှုရစေနိုင်မယ့်အခြေအနေ ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲရောက်ခဲ့ပေမဲ့ ဝေဖန်ပြစ်တင်သံတွေပဲ ကြားခဲ့ရပါတယ်။ ဒါကြောင့် ချန်ပီယံဆု မရယူနိုင်မချင်း ပြစ်တင်ခံနေရမှာပါ'' လို့ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ စပိန်ရဲ့နောက် ဒုတိယရေပန်းအစားဆုံးအသင်း ဖြစ်နေကြောင်း သိရပါတယ်။

Most Read

Most Recent