■ ငွေကြေးအရင်းအနှီး လိုအပ်နေသည့် ဆီစက်ပိုင်ရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေထုတ်ယူနိုင်

■ ငွေကြေးအရင်းအနှီး လိုအပ်နေသည့် ဆီစက်ပိုင်ရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေထုတ်ယူနိုင်
Published 17 December 2025

ငွေကြေးအရင်းအနှီး လိုအပ်နေသည့် ဆီစက်ပိုင်ရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ချေးငွေထုတ်ယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄)ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ဖော်ပြပါအချက်များနှင့်ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း၊ ယင်းအချက်များမှာ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)များကို ပေးအပ်နိုင်ရမည်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက် ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင် လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည် စသည်တို့ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အနေဖြင့် ချေးငွေပမာဏမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေသည် အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေသည် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျပ်သိန်း ၅၀၀၀ အထက် ကျပ်သိန်း ၁၀၀၀၀ အထိ ချေးငွေရယူလိုသော ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်ကြီးများအနေဖြင့် စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းများအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေသက်တမ်းတစ်နှစ်၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေသက်တမ်း သုံးနှစ် (ဆိုင်းငံ့ကာလ တစ်နှစ်၊ ပြန်ဆပ်ကာလ နှစ်နှစ်၊ လေးရစ်ပေးဆပ်ရန်)၊ ချေးငွေအတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းဌာနများမှာ (က)ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံး များအားလုံး၊ (ခ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းရုံးများအားလုံး၊ (ဂ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများအားလုံး၊ (ဃ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့ စီးပွားရေးဘဏ်ခွဲများအားလုံး၊ (င) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၊ (၈) ပုဂ္ဂလိကဘဏ်(၁၄)ဘဏ် (ကမ္ဘောဇဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ ယူအေဘီဘဏ် လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ မြန်မာ အရှေ့တိုင်းဘဏ်လီမိတက်၊နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုး တိုးတက်ရေးဘဏ်လီမိတက်၊ (ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ သတ္တုဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ်လီမိတက်) စသည်တို့ဖြစ်ကြောင်း သိရသည်။

ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန website www.mopf. gov.mm၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website http://msmewebportal.gov.mm မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com MEB website www. meb.gov.mm MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent