အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်မျိုးစလုံးရရှိနိုင်ခြေ (၁၃.၃%)ရှိတယ်လို့ ခန့်မှန်းခံထားရကြောင်း Transfer News Live က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆) ယှဉ်ပြိုင်အပြီးမှာ ဒုတိယနေရာက မန်စီးတီးကို (၂)မှတ်ဖြတ်ပြီး ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ထက် (၃)မှတ်အသာနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒါကြောင့် ပြိုင်ပွဲနှစ်ခုစလုံးမှာ လောင်းကစားကုမ္ပဏီတွေရဲ့ ဖေးဘရိတ်အသင်းဖြစ်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်ခြေ (၆၀%)၊ ချန်ပီယံလိဂ်ဖလားရရှိနိုင်ခြေ (၂၂%)၊ နှစ်မျိုးစလုံးရရှိနိုင်ခြေ (၁၃.၃%)ရှိတယ်လို့ ခန့်မှန်းခံထားရခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ နောက်ဆုံးရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုတော့ တစ်ကြိမ်မှ ရယူနိုင်ခြင်းမရှိသေးပေမဲ့ ဒီဆုဖလားတွေအပေါ် စိန်ခေါ်နိုင်စွမ်းမြင့်တက်လာတာကြောင့် အခုလို ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲရဖို့ ရုန်းကန်လာရတာကြောင့် အသင်းရဲ့ စွမ်းဆောင်ရည်က လုံလောက်မှုမရှိဘူးလို့ နည်းပြ အာတေတာက သုံးသပ်ထားကြောင်းလည်း သိရပါတယ်။















