မန်ယူအသင်းရဲ့နည်းပြ ရူဘင်အာမိုရင်မ်က မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့အတွက် ခံပြင်းပြီး ဒေါသထွက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ မန်ယူအသင်းက (၅၈)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ (၈၃)မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် (၃)မှတ်ရမယ့်အနေအထားကနေ (၁)မှတ်သာ ရရှိခဲ့တာပါ။
ဒါကြောင့် အာမိုရင်မ်က ခံပြင်းကြောင်း ပြောကြားခဲ့တာဖြစ်ပြီး ချေပဂိုးပေးလိုက်ရခြင်းက ပြိုင်ဘက်အသင်းရဲ့ အဝေးဘောတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
''ခံပြင်းတယ်။ ဒေါသထွက်တယ် ဒါပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို မထိန်းချုပ်နိုင်ဘူးဆိုတာက ဒီနေ့ရဲ့ ပြဿနာမဟုတ်ပါဘူး။ ပထမဂိုးသွင်းပြီးနောက်မှာ ကျွန်တော်တို့ second ball တချို့ ဆုံးရှုံးခဲ့ရပါတယ်။ ဂိုးပေါက်ရဲ့ အဝေးမှာ တစ်ချိန်လုံး ကာကွယ်ဖို့ကြိုစားခဲ့ရပါတယ်။ ဂိုးက အဝေးဘောကနေ စတင်ခဲ့တာပါ။ သူတို့က (၃)ယောက်နဲ့ ရင်ဆိုင်ပြီး second ball ရသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုကောင်းဖို့ လိုအပ်ပါတယ်။ ကိုယ့်ထက် အရပ်အများကြီးပိုမြင့်တဲ့အသင်းတစ်သင်းကို အခုလို ထောင့်ကန်ဘောမျိုး ခွင့်မပြုသင့်ပါဘူး'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကင်းကလည်း မန်ယူအသင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်မှာ မေးခွန်းထုတ်စရာကြီးကြီးမားမားရှိနေဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။















