(၃)ပွဲဆက်သရေကျခဲ့ပေမဲ့ စိတ်မပူဘဲ ရာသီအရှည်ကြီး ကျန်နေသေးတယ်လို့ အလွန်ဆို ပြောကြား

(၃)ပွဲဆက်သရေကျခဲ့ပေမဲ့ စိတ်မပူဘဲ ရာသီအရှည်ကြီး ကျန်နေသေးတယ်လို့ အလွန်ဆို ပြောကြား
Photo: X
Photo: X
Published 1 December 2025

ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ရှာဘီအလွန်ဆိုက လာလီဂါမှာ (၃)ပွဲဆက်သရေရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသင်းရဲ့ အခြေအနေအပေါ် စိတ်မပူကြောင်းနဲ့ ရာသီအရှည်ကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဂျီရိုနာနဲ့ပွဲမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် လာလီဂါမှာ (၃)ပွဲဆက်အမှတ်လျော့ခဲ့ရတာဖြစ်ပြီး ရှေ့နှစ်ပွဲမှာ ဗယ်လက်ကာနိုနဲ့ (၀-၀)၊ အယ်လ်ချီနဲ့ (၂-၂)ရလဒ်တွေ ထွက်ပေါ်ခဲ့တာပါ။

ဒါကြောင့် အခုတစ်ပတ် လာလီဂါပွဲစဉ်(၁၄)အပြီးမှာ ဒုတိယနေရာဆင်းပေးခဲ့ရပြီး ဘာစီလိုနာအသင်းက ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ရာသီအစ လာလီဂါ(၁၁)ပွဲမှာ (၁၀)ပွဲအထိ အနိုင်ရခဲ့ပေမဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် သရေကျခဲ့တာကြောင့် ဝေဖန်မှုတွေရှိလာခဲ့ပေမဲ့ အလွန်ဆိုက ပြဿနာမရှိကြောင်း တုံ့ပြန်ခဲ့တာပါ။

''ရာသီတစ်ခုရဲ့ မတူခြားနားတဲ့ အချိန်အခါကို ရောက်ရှိလာတာပါ။ ရာသီအစပိုင်းတုန်းက ကျွန်တော်တို့ အဝေးကွင်းမှာ ပိုပြီးတည်ငြိမ်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲအတွက် လုံလောက်မှုမရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ အားထုတ်မှုကို သဘောကျပါတယ်။ ပြိုင်ပွဲက ရာသီအရှည်ကြီး ယှဉ်ပြိုင်ကစားရမှာပါ'' လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ 

Most Read

Most Recent