ချယ်လ်ဆီးနည်းပြ မာရက်စကာက အာဆင်နယ်နဲ့ပွဲမှာ ကိုင်စီဒို် အနီကတ်ပြခံရတာ ထိုက်တန်ပေမဲ့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က တစ်သမတ်တည်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ အာဆင်နယ် လန်ဒန်ဒါဘီပွဲမှာ ချယ်လ်ဆီးကွင်းလယ်ခံစစ်ကစားသမား ကိုင်စီဒိုဟာ ပွဲချိန်(၃၈)မိနစ်မှာ အာဆင်နယ်တိုက်စစ်ကစားသမား မယ်ရီနိုကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒီအနီကတ်ပြစ်ဒဏ်ကို ပြင်းထန်လွန်းတယ်လို့ ယူဆသူတချို့ရှိခဲ့ပေမဲ့ မာရက်စကာကတော့ ပြသင့်တယ်လို့ လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ချာလိုဘာကို တံတောင်နဲ့တွက်ခဲ့တဲ့ ဟင်ကာပီ ထုတ်ပယ်မခံခဲ့ရတာနဲ့ စပါးနဲ့ပွဲမှာ ရီးစ်ဂျိမ်းစ်ကို ဖျက်ထုတ်ခဲ့တဲ့ ဘန်တန်ကာ အဝါကတ်သာ ပြသခံခဲ့ရခြင်းတွေအတွက် မေးခွန်းထုတ်ခဲ့ပါတယ်။
''ကိုင်စီဒိုရဲ့ အနီကတ်အကြောင်း ကျွန်တော့်ကို မေးကြပါတယ်။ ဒါ အနီကတ်ပါ။ ဒါပေမဲ့ စပါးနဲ့အဝေးကွင်းပွဲမှာ ရီးစ်ဂျိမ်းစ်ကို ဘန်တန်ကာ ဖျက်ထုတ်တာ ဘာကြောင့် အနီကတ်အပြမခံရတာလဲ။ နည်းပြတွေအနေနဲ့ ဒိုင်လူကြီးတွေရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်တွေကို နားလည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ ပြီးတော့ ချာလိုဘာဖြစ်ရပ်အတွက် ဒိုင်လူကြီးကို ကျွန်တော် မေးခဲ့ပါတယ်။ သူက ဒါဟာ တံတောင်နဲ့တွက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒိုင်တွေက ကွဲပြားခြားနားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေကြပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ ချယ်လ်ဆီးကစားသမားတွေဟာ ကိုင်စီဒို ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ အာဆင်နယ်ကစားသမားတွေလည်း အနီကတ်ပြခံရဖို့ ပစ်မှတ်ထားကြိုးပမ်းခဲ့ကြတယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။















