၂၀၂၆ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥက္ကဋ္ဌလောင်း ဗစ်တာဖောင့်က အနိုင်ရရင် မိမိ ပထမဆုံးဖုန်းခေါ်မယ့်သူက မက်ဆီဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စပိန်စီးပွားရေးလုပ်ငန်းရှင် ဗစ်တာဖောင့် (၅၃ နှစ်)ဟာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ လာပေါ်တာနဲ့ အဓိကယှဉ်ပြိုင်ရမယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။
သူဟာ ၂၀၂၁ ဥက္ကဋ္ဌရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လာပေါ်တာကို ရှုံးနိမ့်ခဲ့ပါတယ်။
ဘာစီလိုနာအခြေစိုက် El Mundo Deportivo သတင်းစာနဲ့ တွေ့ဆုံစဉ် ဗစ်တာဖောင့်က '' ရွေးကောက်ပွဲအနိုင်ရရင် ကျွန်တော် ပထမဆုံး ဖုန်းခေါ်မယ့်သူက လီယိုမက်ဆီပါပဲ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံးဖုန်းခေါ်ဆိုမှု ဖြစ်ပါလိမ့်မယ်။ ဘာကာပရိသတ်တစ်ယောက်အနေနဲ့ နူးကမ့်ကွင်းထဲကို သူရောက်လာလို့ ကျွန်တော် ကြက်သီးထမိပါတယ်။ အသင်းကို သူပြန်လာမလားဆိုတာက သူ့အပေါ်မူတည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ မလုပ်သင့်တဲ့အရာက သူ့ကိုအသုံးချဖို့ ကြိုးစားတာပါ။ လာပေါ်တာက ဒါကိုလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ သူက ဒါကို အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်။ ပြီးတော့ သူအမှားလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ အထင်ရှားဆုံးဥပမာကတော့ ရွေးကောက်ပွဲကာလ အတွင်းပါ။ ကျွန်တော်တို့ မက်ဆီကို အသုံးမချသင့်ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ကျွန်တော် အနိုင်ရခဲ့ရင် ပထမဆုံး ဖုန်းခေါ်မယ့်သူက သူပဲဖြစ်လိမ့်မယ်ဆိုတာ သူသိထားဖို့ လိုပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
လာပေါ်တာက မက်ဆီကို ပြန်လည်ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားထားခဲ့ပေမဲ့ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ခဲ့ရင် ငွေကြေးအကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၆ နှစ်လယ်ပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။















