စကော့တလန်လက်ရွေးစင်အသင်းခေါင်းဆောင် နောက်ခံလူ ရောဘတ်ဆန်က လီဗာပူးလ်အသင်းဖော် ဂျိုတာကို ခေါင်းထဲက မထုတ်နိုင်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။
စကော့တလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒိန်းမတ်ကို (၄-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ရောဘတ်ဆန်က ဂျိုတာအကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။
''ကျွန်တော့်အသက်အရွယ်အရ ဒါဟာ နောက်ဆုံး ကမ္ဘာ့ဖလားအခွင့်အရေး ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ဒီနေ့ ဂျိုတာကို ခေါင်းထဲက မထုတ်နိုင်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့အကြောင်း အများကြီးပြောခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့သလို၊ ကျွန်တော်လည်း မယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါ။ ဒီနေ့တော့ ကျွန်တော့်အတွက် သူ ပြုံးနေပါလိမ့်မယ်'' လို့ ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၉)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ရောဘတ်ဆန်ဟာ (၃)ကြိမ်မြောက် ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာမှ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။















