မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှု ၃၄၇ မှု၊ လက်နက်အမှု ၈၆ မှုဖြင့် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိခဲ့

မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှု ၃၄၇ မှု၊ လက်နက်အမှု ၈၆ မှုဖြင့် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိခဲ့
Published 14 November 2025

မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မူးယစ်ဆေးဝါးအမှု ၃၄၇ မှု၊ လက်နက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၈၆ မှုဖြင့် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၂၅၆မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၃၄၇ မှု၊ လက်နက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၈၆ မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများအား ထိုင်းကုန်သည်များကလက်နက်ကိုင် အဖွဲ့အစည်းများ၏ သောင်းရင်းမြစ်တစ်လျှောက်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ဆောင်ရောင်းချခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အတွင်း စိတ်ကြွရှုးသွပ်ဆေးပြား (WY) ဆေးပြားဖမ်းဆီးရမိမှု အမှုပေါင်း ၃၂၅ မှု (ဆေးပြားပေါင်း ၂၅၇၈၉၆၁ ဒသမ ၅ ပြား)၊ ICE အမှုပေါင်းကိုးမှု (အလေးချိန် ၄၉၀၈ ဒသမ ၉၄၇၁ ဂရမ်)၊ ဘိန်းဖြူဖမ်းဆီးရမိမှုအမှုပေါင်း ၇ မှု (အလေးချိန် ၂၈၁၃၀၄ ဂရမ်)၊ ကတ်တမင်းဖမ်းဆီးရမိမှုအမှု ပေါင်း ၁၉ မှု (အလေးချိန် ၃၅၇၃ ဒသမ ၃၂၂၅ ဂရမ်)၊ ဆေးခြောက်ဖမ်းဆီးရမိမှု အမှုပေါင်း ၃၁ မှု (အလေးချိန် ၁၈၅၅၁ ဒသမ ၇၁၇၁ ဂရမ်)၊ အက်တစီဆေးပြား ၉၇၂ပြား၊ Tramadol ဆေးတောင့် ဖမ်းဆီးရမိမှု နှစ်မှု၊ (ဆေးတောင့်ပေါင်း ၆၀၀၃၀) နှင့် အမိုနီယမ်နိုက်ထရိုတ် ဖမ်းဆီးရမိမှု ငါးမှု (အလေးချိန် ၁၁၈၂၅ ဒသမ ၁၅၉ ကီလိုဂရမ်ခန့်)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအနေဖြင့် ၉ မမ ပစ္စတို သေနတ် ၄၈ လက်၊ AK -47 သေနတ် ၁၂ လက်၊ M-4 ကာဘိုင်သေနတ်ခြောက်လက်၊ ကိုးလုံးကျည်ဖြင့်ပစ်ခတ်ရသော သေနတ်နှစ်လက်၊ AK -15 သေနတ် တစ်လက်၊ ၁၂ ဗို့ သေနတ်သုံးလက်၊ ၁၂ ဗို့ကျည်ဖြင့် ပစ်ခတ်ရသော သေနတ်နှစ်လက်၊ ခြောက်လုံးပြူးသေနတ် နှစ်လက်၊ ၉ မမကျည်ဖြင့် ပစ်ခတ်ရသော AK သေနတ် တစ်လက် ၊ M-16 တစ်လက်၊ ဒသမ ၃၀၃ ရိုင်ဖယ် တစ်လက်၊ ဒသမ ၃၀ ကာဘိုင် သေနတ်တစ်လက်၊ လက်လုပ်သေနတ်တစ်လက်၊ လက်လုပ်စက်သေနတ်တစ်လက်၊ လက်လုပ် အာပီဂျီတစ်လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူဒသမ ၃၀ ကာဘိုင်ကျည် ၆၀ ၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကိုးလုံးကျည်ဖြင့် ပစ်ခတ်ရသော ကျည်၂၉ တောင့်၊ AK -15 ကျည် ၈၇ တောင့်၊ AK- 47 ကျည် ၆၄ တောင့်၊ ၉ မမ ကျည် (ပစ္စတို) ၂၀၈၂ တောင့်၊ ဒသမ ၃၈၀ ကျည် ၂၁၇ တောင့်၊ ဒသမ ၃၅၇ ကျည် ၇၅၀၊ ဒသမ ၃၈ ကျည် ၇၅၀၊ ၇ ဒသမ ၆၅ ကျည် ၅၀၊ M-16 ကျည် ၅၀၀၊ ၇၃ ခွင်း ကျည်နှစ်တောင့်၊ M-4 ကျည် ၂၀၀ ၊ MK -12 ကျည် ၁၀၀ ၊ ၃၅၇ ကျည်၂၀၀၊ ဒသမ ၃၈ Special ကျည် နှစ်တောင့်၊ ၇ ဒသမ ၆၂ ကျည် နှစ်တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ အာပီဂျီဗုံးသီး သုံးလုံး၊ လက်လုပ်အီနာဂါဗုံးသီး ၁၇ လုံး၊ လက်လုပ်မိုင်း နှစ်လုံး၊ ၄၀ မမ ဒုံးသီးငါးလုံး၊ ရိုင်ဖယ်ပစ်ဗုံးငါးလုံး၊ ၄၀ မမ ဗုံးသီး ၂၀၊ ဒီတိုနေတာ ၃၀၀၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကိုးလုံးကျည်ဖြင့် ပစ်ခတ် ရသော ကျည်အိမ်နှစ်ခု၊ AK-15 ကျည်အိမ်ခုနစ်ခု၊ AK-47 ကျည် အိမ် ၁၃ ခု၊ ၉ မမ ကျည်အိမ် (ပစ္စတို) ၅၂ ခု၊ ၁၂ ဗို့ ကျည်အိမ် ကိုးခု၊ M-4 ကျည်အိမ် ၁၇ ခု၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ၃၈၀ကျည် အိမ်တစ်ခု၊ M-12 ကျည်အိမ် တစ်ခု၊ MA ကျည်အိမ်လေးခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent