မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ကားတစ်စီးမှ လူနှစ်ဦးအား ဝင်တိုက်ထွက်ပြေးရာ ဓါတ်တိုင်အားထပ်မံဝင်တိုက်မှု နိုဝင်ဘာလ ၉ရက် နံနက် ရနာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ၊ ၄၈လမ်း၊ ၁၁ရလမ်းနှင့်၁၁၈လမ်းကြားတွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော MITSUBISHI CHALLENGER မော်တော်ယာဉ်သည် လမ်းပေါ် ရပ်ထားသည့်ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားတစ်ဦးကို တိုက်ခဲ့ပြီး ဆက်လက်မောင်းနှင်ရာ လမ်းဘေးအမှိုက်ကောက်နေသည့် အမျိုးသမီးတစ်ဦးကို ထပ်မံတိုက်ခဲ့ရာ အဆိုပါ အမျိုးသမီးမှာ လွင့်ထွက်သွားကြောင်း၊ ထို့နောက် ဓါတ်တိုင်အားဝင်တိုက်ခဲ့ရာ ဓါတ်တိုင်မှာ ထက်ပိုင်းပြတ်သွားပြီး ကားမှာလည်း လေအိတ်ပွင့်ကာ ရပ်သွားကြောင်း သိရသည်။
" ပထမတိုက်ခံရတဲ့သူကတော့ နည်းနည်းပဲထိတယ်။ ဒုတိယတိုက်ခံရတဲ့ အမျိုးသမီးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာ အပြင်းအထန်ရသွားပြီး ဘယ်ဘက်ခြေထောက်လည်း ဒဏ်ရာရသွားတယ်။ ဓါတ်တိုင်လည်း ထက်ပိုင်းကျိုးပြီး ကားကတော့ လေအိတ်ပွင့် ရပ်သွားတယ်" ဟု ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။
ဦးခေါင်းဒဏ်ရာရရှိသူအမျိုးသမီးအား ဆေးရုံပို့ဆောင်ကုသလျက်ရှိပြီး တာဝန်ရှိသူများက အမှုဖွင့်စစ်ဆေးအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















