ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ၏ သားမက်ဖြစ်သူ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ဒေါက်တာ နေစိုးမောင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်ထားပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဒေါက်တာ နေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်းကို ပုဒ်မ ၅၀၅ (က) ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ဒေါက်တာ နေစိုးမောင်သည် ဗိုလ်ချုပ်တင်စိန် (ငြိမ်း) ၏ သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ၏ သားသမက်တော်စပ်ကာ ကိုနေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။
ထို့အတူ ဒေါက်တာ နေစိုးမောင်သည် ပရဟိတနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသကဲ့သို့ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားချက်အပေါ် တပ်မတော်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ၎င်းအား မကြာခဏ ပြန်လည်ဝေဖန်မှုများရှိသည်။
NLD အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခဲ့သည့်အချိန်တွင် ဒေါက်တာနေစိုးမောင်က ဝမ်းနည်းကြောင်း ရေးသားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ဒေါက်တာ နေစိုးမောင်၏ ရေးသားချက်တွင် “လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်၊ ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်းစိတ်အား တက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျောက်စက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန် တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ်ဆရာ၊ ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်၊ဆရာ မြင့်မြတ်သောဘုံမှာ စံစားနိုင်ပါစေ” ဟု ဖော်ပြထားသည်။















