ကိုးကန့်အခြေစိုက် call-centre လိမ်လည်မှုများနှင့်ပတ်သက်၍ ငါးဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်

ကိုးကန့်အခြေစိုက် call-centre လိမ်လည်မှုများနှင့်ပတ်သက်၍ ငါးဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်
Published 5 November 2025

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင် လူသေဆုံးမှုများဖြစ်စေခဲ့သည့် call-centre လိမ်လည်မှုများနှင့်ပတ်သက်ပြီး ရာဇဝတ်သားငါးဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်ခဲ့ကာ အခြားသူများကိုလည်း ထောင်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့သည်။

ဆင်ဟွာသတင်းဌာန၏ နိုဝင်ဘာ ၄ ရက်သတင်းတွင် ကွမ်တုံပြည်နယ်ရှိ ရှင်းကျန့်ပြည်သူ့တရားရုံးက မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင်လှုပ်ရှားနေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုတွင် ပါဝင်သူပတ်သက်သူ တရားခံငါးဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း ဖော်ပြခဲ့သည်။ 

၎င်းတို့၏ပြစ်မှုများကြောင့် တရုတ်နိုင်ငံသားခြောက်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးက မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကာ အခြားထိခိုက်သူများလည်း ရှိခဲ့ကြောင်း ရုံးတော်ကဆုံးဖြတ်ခဲ့သည်။

တရားခံငါးဦးကို သေဒဏ်စီရင်မှုအပြင် နောက်နှစ်ဦးကို ဆိုင်းငံ့သေဒဏ်၊ ငါးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုးဦးကို ထောင်ဒဏ်သုံးနှစ်မှ နှစ် ၂၀ အတွင်း အသီးသီးချမှတ်ခဲ့သည်။ငွေဒဏ်ချခြင်း ၊ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းနှင့် နှင်ထုတ်ခြင်းတို့ကိုလည်း ပူးတွဲချမှတ်ခဲ့သည်။

၎င်းရာဇဝတ်ဂိုဏ်းသည် ကိုးကန့်တွင် စခန်း ၄၁ ခုကို လည်ပတ်လုပ်ကိုင်နေပြီး ဆက်သွယ်ရေးလိမ်လည်မှု၊ တရားမဝင်လောင်းကစား ၊ လူသတ်မှု၊ လူကုန်ကူးမှုနှင့် ပြည့်တန်ဆာလုပ်ငန်းများကို ကျူးလွန်ခဲ့သည့်အဖွဲ့ဖြစ်သည်။

သေဒဏ်စီရင်ခံရသူများထဲမှ တစ်ဦးက မက်သာဖက်တမင်း ၁၁ တန်ခန့် တရားမဝင်ထုတ်လုပ်ကုန်ကူးမှုတွင် ပါဝင်ခဲ့သည်။ 

စက်တင်ဘာ ၃၀ ရက်ကလည်း ကျဲ့ကျန်းပြည်နယ်တရားရုံးက ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်ဂိုဏ်းကြီးတစ်ခုဖြစ်သော လောက်ကိုင်အခြေစိုက် “မင်မိသားစုဂိုဏ်း” မှ အဖွဲ့ဝင် ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ 

အဆိုပါဂိုဏ်းသည် ၂၀၁၅ ခုနှစ်မှစတင်ပြီး လောက်ကိုင်တွင် လက်နက်ကိုင်စခန်းများ ထူထောင်လာကာ အကြီးစားဆက်သွယ်ရေး လိမ်လည်မှု၊ လောင်းကစားမှု ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ပြည့်တန်ဆာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ၎င်းတို့ကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း ရုံးတော်ကစစ်ဆေးတွေ့ရှိခဲ့သည်။

Most Read

Most Recent