ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ)ကားမှတ်တိုင်တွင်တွင် အုပ်စုဖွဲခါးပိုက်နှိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ရန်ပြုခံရမည်ကိုစိုးရိမ်၍ ခါးပိုက်နှိုက်နေသည်ကို သိရှိသူများလည်း နှုတ်ဆိတ်နေရကြောင်း YBS နေ့စဉ်စီးနင်သူပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ အုပ်စုဖွဲခါးပိုက်နှုက်သူများသည်YBS ယာဉ်ပေါ်တွင် နေ့စဉ်သွားလာသည့်ဝန်ထမ်းများသဖွယ် ဝတ်ဆင်ကာ ဖုန်းများကို အဓိကပစ်မှတ်ထားနှိက်ယူခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် YBS ယာဉ်ပေါ်မတက်မီ အပေါက်ဝတွင်ပင် ပေါ်တင်လုယူမှုများပင်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်များကို မြင်တွေ့မိသည်သူများအနေဖြင့် ကမာရွတ်မြိုနယ်ရဲစခန်းသို ဆက်သွယ်၍ အရေးယူပေးရန်တိုင်ကြားခဲ့မှုများရှိခဲ့သော်လည်း ထိရောက်သောအရေးယူမှုမရှိသေးဘဲ ခါးပိုက်နှိက်များဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
YBS စီးနင်းသူ ပြည်သူတစ်ဦးက " ပြောရရင် ဒီနေ့(အောက်တိုဘာ ၂၇ ရက်)မနက်ပိုင်းမှာတောင် ခါးပိုက်နှိက်ခံရတဲ့ နှစ်ယောက်တောင်တွေ့ခဲ့တယ်။ မနက် ၉ နာရီလောက်ဆိုတော့ ရန်ကုန်တက္ကသိုလ်ကျောင်းရှေ့က ဓမ္မာရုံမှတ်တိုင်မှာ လိုင်းကားစောင့်နေတဲ့သူတော်တော်များတယ်။ YBS 60 ယာဉ်လိုင်းပေါ်ကို တက်မဲ့လူတွေထဲမှာ ကောင်းလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဖုန်းအနှိက်ခံလိုက်ရတယ်။ အကုန်လုံးကလည်း အလုပ်သွားမဲ့သူတွေဆိုတော့ သေချာတော့ မကူညီပေးနိုင်ခဲ့ဘူး။ ဖုန်းအနှိက်ခံရတာကို သိသိချင်းအော်ပြောပေးမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ ဖုန်းပါသွားတယ်။ ကောင်မလေးက ပက်စ်ပိုစ်သွားလုပ်မလိုထင်တယ်။ ဒီနားမှာ ပက်စ်ပိုလာလုပ်တဲ့ ကလေးတွေ ခဏခဏခါးပိုက်နှိက်ခံရတယ်။ ငိုမဲ့မဲ့ဖြစ်သွားတော့ တကယ်စိတ်မကောင်းဘူး။ ခါးပိုက်နှိက်တဲ့ကောင်တွေ ရန်လုပ်မှာဆိုးတော့ မြင်တဲ့သူတွေလည်း မပြောရဲကြဘူး။ သက်ဆိုင်ရာက ဒီတိုင်းလွှတ်မထားဘဲ အရေးယူပေးဖို လိုအပ်နေပါပြီ " ဟုပြောကြားခဲ့သည်။
အုပ်စုဖွဲခါးပိုက်နှိက်သူများသည် အဆိုပါဓမ္မာရုံမှတ်တိုင်မှ မြန်မာပလာဇာမှတ်တိုင်အထိ ကြားမှတ်တိုင်များတွင် ခါးပိုက်နှိက်မှုကျုးလွန်ကြပြီး YBS အများပြည်သူပိုဆောင်ရေးယာဉ်လိုင်းများ စီးနင်းမှုများပြားသည့် နံနက်ပိုင်း အလုပ်သွားချိန်နှင့် ညနေပိုင်း အလုပ်ပြန်သည့်အချိန်များတွင် ပိုမိုကျူးလွန်ကြကြောင်း သိရသည်။
YBS နေ့စဉ်စီးနင်းသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက " ကျွန်တော်တို ကမာရွတ်ရဲစခန်းကို ဖုန်းဆက်ပြီး အကူညီတောင်းဖူးတယ်။ ဒီမှတ်တိုင်မှာ ခါးပိုက်နှိက်ခံရတာတွေ ခဏခဏဖြစ်နေလိုပါဆိုပြီး။ တစ်ချိုမိန်းကလေးတွေဆို တစ်ယောက်ထဲ ကားမစီးရဲတဲ့အထိဖြစ်တာရှိတယ်။ နေ့စဉ် ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေရှိတယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေရှိတယ်။ အကြောင်းကိစ္စရှိလို ပက်စ်ပိုစ်ရုံးလာကြတဲ့သူတွေရှိတယ်။ အကုန်လုံးက သာမန်ပြည်သူတွေပဲ။ ပိုက်ဆံချမ်းသာတဲ့သူမပါဘူး။ သာမန်ပြည်သူတစ်ယောက်အတွက် ဖုန်းတစ်လုံးဟာ ဘယ်လောက်အရေးပါလဲဆိုတာ အားလုံးသိပါတယ်။ သာမန်အလုပ်သမားတစ်ယောက် တစ်လစာလောက် အနည်းဆုံးသုံးမှ အသင့်အတင်ဖုန်းတစ်လုံးရတာ။ အဲဒီတော့ ဖုန်းပါသွားပြီဆိုရင် ကိုယ့်ရဲ့တစ်လစာအခိုးခံရတာနဲ့အတူတူပဲ။ ပြီးတော့ မှတ်ထားတဲ့ဒေတာတွေ၊ ဓာတ်ပုံတွေ၊ ဖုန်း Contacts တွေ အကုန်ဆုံးရှုံးကုန်တယ် " ဟု ပြောကြားခဲ့သည်။
ခါးပိုက်နှိုက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုမှုများရှိနေပြီး လှည်တန်းလမ်းဆုံတွင် သာမက လူဦးရေးထူထပ်သည့် နေရာများတွင် ခါးပိုက်နှိုက်များလှည့်လည် ကျင်လည်လျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက '' ခါးပိုက်နှိုက်တွေက ဒီနေရာကဖမ်းလိုက်ရင် နောက်တစ်နေရာမှာ သွားနှိုက်ဦးမှာပဲ။ တစ်ခါတစ်လေကျရင် ကားမှတ်တိုင်မှာ အချိန်မှတ်ပေးတဲ့သူတွေနဲ့ ရင်းနှီးနေတဲ့သူမျိုးတောင်ရှိတယ်။ တစ်ချို့ YBS ယာဉ်မောင်းတွေဆိုရင် ခါးပိုက်နှိုက်မျက်နာကို မှတ်မိနေတာမျိုးတွေလည်း ရှိတယ်။ အဲဒီအခါကျရင် နှုတ်နဲ့ သတိပေးတာမျိုးရှိပေမဲ့ သူတို့လည်း အမြဲမပြောနိုင်ကြဘူး။ YBS ယာဉ်မောင်းတွေက တစ်ယောက်ထဲ ခါးပိုက်နှိုက်တွေအုပ်စုလိုက်ဆိုတော့ ကြောက်ရတယ်။ ကျွန်မတို့လည်း ကိုယ့်ရှေ့မှာတင် ခါးပိုက်နှိုက်နေတာကို တွေ့တာတောင် ရန်ရှာမှာဆိုးလို့ မပြောရဲခဲ့ဘူး။ အဲဒီလိုရန်ရှာလို့ အသက်အန္တရယ်စိုးရိမ်ရတဲ့ မှုခင်းမျိုးတွေလည်း ဖတ်ဖူးတယ်။ ခါးပိုက်နှိုက်တွေဆင်းသွားမှ ပြောရဲတော့တယ်။ အဓိကကတော့ ခါးပိုက်နှိုက်တွေ အရင်ထက် ပိုများလာတယ်။ မသိရင် သူတို့က ခွင့်ပြုချက်ရထားတဲ့သူတွေလိုပဲ။ ပေါ်ပေါ်တင်တင်ကို ကျူးလွန်လာကြတယ် " ဟု ပြောကြားခဲ့သည်။
ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဓမ္မာရုံ(ရန်ကုန်တက္ကသိုလ်) ကားမှတ်တိုင်တွင် အများပြည်သူအများဆုံးစီးနင်းလိုက်ပါသည့်YBS ယာဉ်လိုင်းများမှာ YBS 60 ၊ YBS 14 ၊ YBS 38 နှင့် YBS 76 တို့ဖြစ်ပြီး အဆိုပါယာဉ်လိုင်းများတွင် ခါးပိုက်နှိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံနေရသည့် သိရှိသွားသည့် လူငယ်တစ်ဦးကို ခါးပိုက်နှိုက်များက အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်လည်းမေ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၁၉ ရက်၊ နံနက် ၈ နာရီခန့်က လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းမှတ်တိုင်မှ YBS-58 ဖြင့်လိုက်ပါလာစဉ် ဦးစောလယ်ထူးကျော်(၄၅)နှစ်နှင့် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး(၁၉)နှစ်တို့သည် ပန်းဘဲတန်းမြို့နယ်၊ လမ်း(၃၀) အရောက်တွင် ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ထားကာလွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ အမျိုး သားတစ်ဦးကခါးပိုက်နှိုက်နေသဖြင့် ဦးစောလယ်ထူးကျော်ကတွန်းလိုက်ရာမှအချင်းများခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခါးပိုက်နှိုက်သူအပါအဝင် ၎င်း၏ အပေါင်းအပါ(၅)ဦးခန့်က ဦးစောလယ်ထူးကျော်နှင့် သားဖြစ်သူတို့အား ဝိုင်းဝန်းထိုးကြိတ်ပြီးနောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အရောက် ယင်းအမျိုးသားများမှ ဦးစောလယ်ထူးကျော်နှင့် သားဖြစ်သူတို့အား ကားပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A ဖုန်းတစ်လုံးကို လုယက်ယူဆောင်သွားခဲ့ရာ သားအဖနှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ကျောက်တံတားမြို့မရဲစခန်းက (ပ)၅၂/၂၀၂၅၊ ရာ ဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကြည့်မြင်တိုင်မြို့ နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သော အောင်ကိုလတ်(၄၂)နှစ်၊ ဝေဖြိုးအောင်(ခ)ဝေဖြိုး(၃၀)နှစ်၊ ပြည့်ဖြိုးထွေး(ခ)ပိစိ(၂၂)နှစ်၊ ဇော်ဇော်လွင်(ခ)ဘိုဘို(၃၃)နှစ်၊ ကျော်နိုင်ဦး(ခ)ကျန်ကျောင်း(၂၇)နှစ်တို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ခါးပိုက်နှိုက်မှုကျူးလွန်ရာတွင်ပါဝင်ခဲ့သော ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး (ခ)လှမြိုင်(ခ)တည်ကြီးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ၍ ထပ်မံဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















