■ မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသ

■ မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသ
Published 11 October 2025

မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၀ ရက်ညပိုင်းက ပြုံယမ်းမြို့တော်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာဖြစ်သည့် KNCA သတင်းအေဂျင်စီက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် ရုရှားကို စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့ကာ ကူညီပေးနေချိန်တွင် ပြုံယမ်းမြို့တော်၌ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ရေးပြအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်မဟာမိတ်ဖြစ်သည့် ရုရှားလုံခြုံရေးကောင်စီ လက်ထောက်အကြီးအကဲ ဒီမီထရီမက်ဗီးဒက်၊ တရုတ်ဝန်ကြီးချုပ် လီချင်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် စစ်ရေးပြအခမ်းအနားအတွင်း မြောက်ိုရီးယား၏ အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် နျူကလီးယားလက်နက်စနစ်ဟု KCNA က ဖော်ပြခဲ့သည့် Hwasong-20 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်အပါအဝင် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး လက်နက်အချို့ကို ပြသခဲ့သည်။

အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ပြုလုပ်သည့် အဆိုပါစစ်ရေးပြအခမ်းအနားအတွင်း ထောင်နှင့်ချီသည့် မြော်ကကိုရီးယားပြည်သူများသည် အရောင်အသွေးစုံလင်သည့် ရိုးရာဝတ်စုံများကို ဝတ်ဆင်ခဲ့ကြပြီး စစ်လက်နက်ပစ္စည်းများ စီတန်းလှည့်လည်ပြသချိန်တွင် နိုင်ငံတော်အလံများကို ဝှေ့ယမ်းခဲ့ကြသည်။

ထိုလက်နက်စနစ်များအနက် မဟာဗျူဟာမြောက် တာဝေးပစ် ခရုဇ်ဒုံးကျည်များ၊ ဒရုန်းလွှတ်တင်သည့် ယာဉ်များ၊ မြေပြင်မှဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များလည်း ပါဝင်ခဲ့သည်။

မြောက်ကိုရီးယား၏ အနိုင်မခံ၊ အရှုံးမပေးသည့် စစ်တပ်သည် အခက်အခဲများကို ကျော်လွှားပြီး တောက်ပသည့် အနာဂတ်ကိုဆောလျင်စွာ ဆောင်ကြဉ်းလိုသည့် မိမိတို့ ပါတီ၏ အားထုတ်ကြိုးပမ်းမှုများကို ခိုင်မာစေရန် အမြဲတမ်းလုပ်ဆောင်ခဲ့ကြောင်း ကင်က မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည်သည့် မြောက်ကိုရီးယားစစ်သားများအကြောင်းကိုလည်း ကင်က အရိမ်အမြွက်ရည်ညွှန်းပြောကြားခဲ့သည်။

"နိုင်ငံတကာ တရားမျှတမှုအတွက် ပြည်ပစစ်မြေပြင်တွေမှာ မိမိတို့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဟာ သူရဲကောင်းဆန်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသခဲ့ပြီး အောင်ပွဲကို ရရှိခဲ့ပါပြီ။ ဒါက အယူဝါဒရေးရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို ပြသရာရောက်ခဲ့ပါတယ်" ဟု ကင်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သားများအနက် ၆၀၀ ခန့်သည် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသည့် စစ်သားများ ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

စစ်ရေးပြအခမ်းအနားသည် မြောက်ကိုရီးယား၏ မကုန်ခန်းနိုင်သည့် ကာကွယ်ရေးနည်းပညာ အလားအလာနှင့် ကမ္ဘာက မျက်ကွယ်မပြုနိုင်တော့သည့် အံ့အားသင့်ဖွယ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပြသရာရောက်ကြောင်းလည်း KCNA က ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတွင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးအတွင်း မြောက်ကိုရီးယားနှင့် အမေရိကန်ကြား ဘေးဆွယ်တွေ့ဆုံမှုသည် ဖြစ်မလာနိုင်ဟု မပြောနိုင်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားတွင် စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ ပထမသက်တမ်းက ကင်နှင့် သုံးကြိမ်တွေ့ဆုံခဲ့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းနှင့်ပတ်သက်ပြီး သဘောတူညီချက်မရရှိခဲ့ပေ။

ထိုအချိန်ကစပြီး မြောက်ကိုရီးယားသည် ၎င်းကိုယ်ကိုယ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ်မှ နောက်ပြန်ဆုတ်နိုင်တော့မည်မဟုတ်ကြောင်း ထပ်တလဲလဲကြေညာခဲ့သည်။

ပြီးခဲ့သည့်လကလည်း တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင်ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင်ကင်သည် တရုတ်သမ္မတ ရှီကျင်းပင်၊ ရုရှားသမ္မတပူတင်တို့နှင့်အတူ ဘေးခချင်းကပ်လျက် ယှဉ်တွဲပြီး တက်ရောက်ခဲ့သည်။

■ Ref: AFP

Most Read

Most Recent