အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဝင်ဘလေကွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုနည်းပါးခြင်းအတွက် ပြစ်တင်စကားဆိုခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဝေးလ်စ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မော်ဂန်ရော်ဂျာစ်၊ ဝပ်ကင်စ်နဲ့ ဆာကာတို့က (၃၊ ၁၁၊ ၂၀)မိနစ်တွေမှာ သွင်းယူခဲ့တာပါ။
ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲကို ပရိသတ်(၇၈၁၂၆)ဦး လာရောက်ကြည့်ရှုခဲ့ကြပေမဲ့ အားပေးမှုနည်းပါးခဲ့တာကြောင့် သောမတ်စ်တူဟယ်လ်က ဝင်ဘလေကွင်း အသံတိတ်နေခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။
'' ကောင်းကောင်းလေ့ကျင့်ထားတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ တစ်ရက်ခွဲပဲ လေ့ကျင့်ပြင်ဆင်ခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းကောင်းအောင် လုပ်နိုင်ခဲ့ပြီး ပထမပိုင်းမှာပဲ (၅)ဂိုးအထိ သွင်းယူနိုင်ခြေရှိခဲ့ပါတယ်။ (၄)ဂိုးနဲ့ (၅)ဂိုးမြောက်ကိုတော့ မသွင်းနိုင်ခဲ့ပါဘူး။ ဝင်ဘလေကွင်းက အသံတိတ်နေခဲ့ပါတယ်။ ပွဲကြည့်စင်ကနေ ကျွန်တော်တို့ ဘာစွမ်းအင်မှ မရရှိခဲ့ပါဘူး။ နာရီဝက်လောက် ဝေးလ်စ်ပရိသတ်တွေရဲ့ အသံပဲ ကြားခဲ့ရပါတယ်။ ဒါဟာ ဝမ်းနည်းစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ အသင်းက ဒီထက်ပိုတဲ့ အားပေးမှုနဲ့ ထိုက်တန်တာကြောင့်ပါ'' လို့ သောမတ်စ်တူဟယ်လ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ(၁၄)မှာတော့ လတ်ဗီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။















