မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအချိုတွင် ရေကြီးရေလျှံပြီး အချိုနေရာများတွင် ညပိုင်းအထိယာဥ်ကြောပိတ်ဆိုမှုများလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်တွင် ရွာသွန်းလျက်ရှိသည့် မိုးကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
" တောင်ဥက္ကလာမှာတော့ ရေတော်တော်ကြီးတယ်။ ကားတွေလည်းပိတ်နေတာ။ ပြီးတော့ တာမွေစျေးကနေ အရှေ့မြင်းပြိုင်ကွင်းလမ်းကို သွားတာ တစ်နာရီလောက်ကြာတယ်" ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းရှိ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မရမ်းကုန်း၊ သဃ်န်းကျွန်း အစရှိသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ယာဥ်လမ်းကြောပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
" မြန်မာပလာဇာနားမှာဆိုရင်လည်း လမ်းတွေပိတ်နေတယ်" ဟု အဌားယာဥ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
အလားတူ ချော်တွင်းကုန်းမီးပွိုင့်၊ အင်းလျားလမ်း အစရှိသည့် နေရာများတွင်လည်း ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မိုးဇလ၏ ည ၇ နာရီထုတ်ပြန်ချက်အရ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် အောက်တိုဘာ ၁၀ ရက် မွန်းတည့်ချိန်အထိ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။















