■ ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆားမရှိ

■ ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆားမရှိ
Published 9 October 2025

ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆားမရှိကြောင်း သံဖြူဇရပ်ဒေသခံ ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားကြမ်းဈေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် (၃၈၀) ကျပ်မှ (၄၀၀) ကျပ်အထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ဖူးသော်လည်း ယခုနှစ်ဧပြီလ သင်္ကြန်ကာလအပြီးတွင် နေလှန်းဆားကြမ်းတစ်ပိဿာလျှင် (၅၀၀) ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုလက်ရှိ ဆားကြမ်းတစ်ပိဿာကို (၁၀၀၀) ကျပ်ဖြစ်တာ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးဘူး။ ဒါပေမယ့် ဘယ်ဆားတောင်သူမှာမှ ဆားကျန်မရှိဘူး” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစတင်ကာ မိုးရွာသွန်းမှုများကြောင့် ဆားရာသီမကုန်မီ ဆားကွင်းများကြိုတင်ပိတ်သိမ်းခဲ့ရကြောင်း၊ လက်ရှိ အောက်တိုဘာလပထမအပတ် မိုးရွာသွန်းနေသည့်အတွက်ကြောင့် ဆားကြမ်းထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတောင်သူက ဆိုသည်။

 "ပုံမှန်ဆိုရင် သင်္ကြန်ကာလအပြီးမှာ ရမယ့် ဆားကြမ်းတွေက အခုလို  နေလှန်းဆားရာသီ အသစ်အတိုင်ခင် ရောင်းချဖို့ သိုလှောင်ထားမှာပေါ့။ ဒါပေမယ့် ဧပြီလဆန်းကတည်းက မိုးရွာတော့ ဆားကြမ်းက မရတော့ဘူး။ အခုဈေးဘယ်လောက်မြင့်မြင့် ၊ ဆားတောင်သူတွေမှာ ဆားမရှိဘူး။ ဆားမရှိလို့လည်း ဆားဈေးက တက်တာပါ။ ဆားထွက်တဲ့ကာလဆိုရင် ‌ဆားဈေးက တစ်ပိဿာကို (၃၀၀) ကျပ် မကျော်ချင်တော့ဘူး" ဟု ၎င်းဆားတောင်သူက ဆက်လင်ပြောကြားသည်။

ရာသီဥတုကောင်းမွန်ပါက သီတင်းကျွတ်ကာလမတိုင်ခင် ဆားကွင်းများအား ပြုလုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ကာ နေလှန်းဆားထုတ်လုပ်မှုလုပ်ငန်းများစတင်လုပ်ကိုင်နေကြပြီးဖြစ်သော်လည်း ယခုနှစ်တွင် မိုးမပြတ်သေးသည့်အတွက်ကြောင့် နေလှန်းဆားထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းလည်း တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

“ရာသီဥတုက ခါတိုင်းနှစ်လိုဘဲ ဆိုပြီး တော်သလင်းလလောက်မှာ ဆားကွင်းတွေပြုပြင်တာတွေလုပ်ကြတယ်။ ဒါပေမယ့် မိုးက တော်သလင်းရော၊ သီတင်းကျွတ်မှာပါ ဆက်တိုင်ကိုရွာနေတော့ ပြုပြင်ထားတဲ့ ကွင်းတွေလည်း ပျက်ကုန်လို့ ပြန်ပြင်နေရတာ (၂) ကြိမ်လောက်ရှိပြီး” ဟု သံဖြူဇရပ်မြို့ခံ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

 ယခုနှစ် နေလှန်းဆားရာသီမစခင်မှာပင် ဆားတောင်သူများအနေဖြင့် ပျက်ဆီးဆုံးရှုံးမှုများကြုံတွေ့နေရပြီးဖြစ်ကြောင်းလည်း ၎င်းတောင်သူက ဆိုသည်။

နေလှမ်းဆားကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲ နှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အပြင် ရေးမြို့နယ် နှင့် ပေါင်မြို့နယ်များအတွင်းလည်း နေလှမ်းဆားလုပ်ငန်းများရှိကြောင်း သိရသည်။

Most Read

Most Recent