■ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ်ကို နယ်စပ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် တားဆီးစဉ် ရပ်မပေးဘဲ ထွက်ပြေးစဉ်တိမ်းမှောက်

■ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ်ကို နယ်စပ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် တားဆီးစဉ် ရပ်မပေးဘဲ ထွက်ပြေးစဉ်တိမ်းမှောက်
Published 29 September 2025

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် မော်တော်ယာဉ်ကို နယ်စပ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် တားဆီးစဉ် ရပ်မပေးဘဲ ထွက်ပြေးစဉ်တိမ်းမှောက်ခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ကန်ချနာဘူရီ လိုင်စင်နံပါတ်ပြားတပ်သည့် Van အမျိုးအစားမော်တော်ယာဉ်မှာ စက်တင်ဘာ ၂၉ ရက် နံနက်အစောပိုင်းတွင် ကန်ချနာဘူရီခရိုင် Thong Pha Phum တွင် ထိုင်းအာဏာပိုင်များက စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်မပေးဘဲ အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ထွက်ပြေးရာ ထိုင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ ကားပေါ်တွင် မြန်မာရွှေ့ပြောင်း လုပ်သား ၂၈ ဦးလိုက်ပါလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များက ပိတ်ဆို့တားဆီးစဉ် အဆိုပါ ရွှေ့ပြောင်းလုပ်သားများတင်ဆောင်လာသည့် ယာဉ်မှာ ထွက်ပြေးခဲ့ရာ ဆလွန်းအမျိုးအစားမော်တော်ယာဉ်တစ်စီးကိုတိုက်မိမည့် အခြေအနေဖြစ်ခဲ့ပြီး ဆလွန်းယာဉ်မှာ လမ်းဘေးသို့ ထိုးကျခဲ့ကြောင်း၊ ဆိုင်ကယ်တစ်စီးကိုမူ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ တိုက်မိခဲ့ကြောင်း သိရသည်။

ခုနစ်ယောက်သာ စီးနင်းနိုင်သည့် Van အမျိုးအစားမော်တော်ယာဉ်မှာ လူအများအပြားတင်ဆောင်လာသဖြင့် ဝန်ပိုများ ဖြစ်နေပြီး ရေနုတ်မြောင်းကို ကျော်လွန်ကာ ဘေးတစ်စောင်းဖြစ်သွားကြောင်း၊ ယာဉ်မောင်းသူမှာ ယာဉ်အတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ဦးပါရှိပြီး အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ကိုးဦးဖြစ်ကြောင်း၊ ၎င်းတို့ကို ဘေးတစ်စောင်းဖြစ်နေသည့် ယာဉ်၏ ပြတင်းပေါက်များမှ တစ်ဆင့် အပြင်သို့ ထုတ်ပေးခဲ့ရကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာအပြင်းအထန်ရရှိသူ မရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

စကားပြန်များမှတစ်ဆင့် စစ်ဆေးမေးမြန်းရာ ရွှေ့ပြောင်းနေထိုင်သူများက ၎င်းတို့၏ မှောင်ခိုလမ်းကြောင်းကို အသေးစိတ်ပြေကြားခဲ့ကြောင်း၊ ဆန်ခလာဘူရီခရိုင် နယ်စပ်တလျှောက် တောလမ်းတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ လုပ်သားများမှာ စမတ်စခွန်၊ ချွန်ဘူရီ အစရှိသည့်ပြည်နယ်များတွင် အလုပ်သွားလုပ်ရန် ထွက်လာခြင်းဖြစ်ကြောင်း၊ ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ဘတ် ၂၀၀၀၀ ကြားပေးရန် သဘောတူခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များက တိမ်းမှောက်ခဲ့သည့် ယာဉ်ကို သက်သေခံအဖြစ် သိမ်းဆည်းထားပြီး ဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို Thong Pha Phum ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent