မွန်ပြည်နယ် ဘီးလင်းမြို့နှင့် ကမာဝက်မြို့တို့တွင် စက်တင်ဘာ ၂၆ ရက်က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်က မုဒုံမြို့နယ် ကမာဝက်မြို့၊ ထောင်ကေးရပ်ကွက်တွင် နေထိုင်သည့် ကိုကောင်းဇော်လင်းနှင့် ဇနီးဖြစ်သူ မနှင်းရီဦးတို့သည် ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကျိုက်ဇယ်ဘုရားရှေ့တွင် ဈေးရောင်းချနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိသဖြင့် ကမာဝက်မြို့တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၆ ရက် ည ၄ နာရီခွဲခန့်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာနေ ဦးဇော်မင်းနိုင်သည် မဲလံကျေးရွာမှ ဘီးလင်းမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ကဇိုင်းကျေးရွာနှင့် ချောင်းပြန့်ကျေးရွာအကြားအရောက်၌ အသင့်စောင့်နေသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားပြီး ဦးဇော်မင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ ဘီးလင်းမြို့နယ် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဖြစ်စဉ်အများစုတွင် လူသေဆုံးမှုများ ရှိနေသည်။















